- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြောက်ဦးနန်းတော်ရာကုန်း တတိယတံတိုင်းဘေးကကွင်း ယာယီကားဂိတ်ပြုလုပ်မည်ကို သဘောထားကွဲလွဲနေ
မြောက်ဦးမြို့ နန်းတော်ရာကုန်း တတိယတံတိုင်းဘေးကကွင်းပြင်၌ ယာယီကားဂိတ်ပြုမည်ကို သက်ဆိုင်ရာဌာန၊ ဒေသခံများ အချင်းချင်းကြားတွင် သဘောထားများကွဲလွဲနေကြသည်။
11 Nov 2021
DMG ၊ နိုဝင်ဘာ ၁၁
မြောက်ဦးမြို့ နန်းတော်ရာကုန်း တတိယတံတိုင်းဘေးကကွင်းပြင်၌ ယာယီကားဂိတ်ပြုမည်ကို သက်ဆိုင်ရာဌာန၊ ဒေသခံများ အချင်းချင်းကြားတွင် သဘောထားများကွဲလွဲနေကြသည်။
ယာယီကားဂိတ်ပြုလုပ်မည့်နေရာမှာ မြောက်ဦးမြို့နန်းတော်ရာကုန်း တတိယတံတိုင်းနှင့် ကုန်သွယ်တန်းလမ်းကြားရှိ မြေကွက်လပ်ဖြစ်ပြီး၊ နန်းတော်ရာကုန်းပေါ်တွင်မဟုတ်ကြောင်းနှင့် နန်းတော်ရာကုန်းဧရိယာနှင့် လွတ်ကင်းကြောင်း မြောက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်က ပြောသည်။
“ ကျနော်တို့က စေတနာနဲ့ လုပ်ပေးတာပါဗျာ။ အခုလည်း ကားတွေက ရပ်နေကြတော့ စနစ်တကျဖြစ်စေဖို့အတွက် လုပ်ပေးမှာပါ။ တကယ်တန်းဆိုရင်ကားတွေကို အဝေးပြေးကားဂိတ်မှာ ရပ်နားရမှာဖြစ်တယ်။ ဒါပေမဲ့ ကားသမားတွေအနေနဲ့ ခရီးသည် ကုန်တင်ကုန်ချဈေးနှုန်းတွေ ပိုပြီးတော့ကုန်ကျမယ်။ ခရီးသည်တွေလည်း ပိုပြီးတော့ကုန်ကျမယ်။ သွားလမ်းလာလမ်းအနေနဲ့လည်း အခက်အခဲတွေဖြစ်နေတဲ့အတွက် ကျနော်တို့က စနစ်တကျဖြစ်အောင်လုပ်ဖို့အတွက် ဆောင်ရွက်ပေးခြင်းပဲဖြစ်တယ်။ ဒါက ယာယီပဲလုပ်မှာဖြစ်ပြီး အခုလည်း ကျနော်တို့က ညှိနှိုင်းဆောင်ရွက်ဆဲ အဆင့်ပဲရှိပါသေးတယ်။ လုပ်မယ်မလုပ်ဘူးဆိုတာကို ဆုံးဖြတ်ချက် မချရသေးဘူး။ ” ဟု ဦးရွှေမောင်က ပြောသည်။
ယာယီကားဂိတ်ပြုလုပ်နိုင်ရန် ယခုလ နိုဝင်ဘာလ ၂ ရက်နေ့က မြောက်ဦးမြို့တော်ခန်းမတွင် ညှိနှိုင်းအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကာ ယင်းအစည်းအဝေးတွင် မြို့နယ်စည်ပင်မှ တာဝန်ရှိသူများ၊ ရှေး/သုဌာနမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ထွေ/အုပ်မှ တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းအချို့နှင့် ကား၊ သုံးဘီး၊ ဘဲတွဲ၊ ဆိုက္ကား သမားများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးရာတွင် ထောက်ခံသူများရှိသလို ကန့်ကွက်သူများရှိနေသည့်အတွက် ဆုံးဖြတ်မချနိုင်ခဲ့ကြပေ။ သို့သော် ကား၊ သုံးဘီး၊ ဘဲတွဲ၊ ဆိုက္ကား သမားများက ထောက်ခံခဲ့ကြသည်။
တတိယတံတိုင်းဘေးကကွင်း၌ ယာယီကားဂိတ်ပြုလုပ်၍ ရမရကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦး) သို့ တင်ပြခဲ့ပြီး ရှေး/သုက ခွင့်ပြုချက်ပေးခြင်းကြောင့် ယာယီကားဂိတ်ပြုလုပ်နိုင်ရေးညှိနှိုင်းအစည်းအဝေး လုပ်ကာ စီစဉ်နေခြင်းဖြစ်ကြောင်း မြောက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်က ပြောသည်။
အဆိုပါ ယာယီကားဂိတ်နှင့်ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းဝင်းထံ DMG က ဆက်သွယ်မေးမြန်းရာ “ နန်းရာကုန်းနဲ့ကားဂိတ်တွေနဲ့ လူစည်ကားနေတာဟာ မသင့်တော်ဘူးလို့ ကျနော်တို့ မြင်ပါတယ်။ အဲ့တာကြောင့် ကားဂိတ်ကိုနေရာတစ်ခုခုကို ပြောင်းပြီးတော့ ထားသင့်ပါတယ်။ယဉ်ကျေးမှုအမွေအနှစ်နဲ့ လွတ်ကင်းတဲ့ နေရာတစ်ခုမှာ ပြောင်းပြီးတော့ ထားရင်တော့ပိုပြီးတော့ အဆင်ပြေတာပေါ့နော်။ ဖြစ်စေချင်တယ် ဆန္ဒတော့ရှိတယ်။ တခြားနေရာသို့ ပြောင်းရွေ့သင့်တာကြာပြီ။ မြောက်ဦးမြို့မှာက နေရာလည်းကျဉ်းတော့ လောလောဆယ်က ယာယီအနေနဲ့ တနေရာတည်းမှာ တစ်စုတဝမ်းတည်း နန်းရာကုန်းနဲ့ နည်းနည်း ဝေးတဲ့နေရာမှာ လုပ်ရင်တော့ ပိုကောင်းပါတယ်။ နန်းရာကုန်းမှာက အိမ်ရာ၊ အဆောက်အအုံရော၊ ဆိုင်ခန်းတွေရော ဘာမှမရှိတာက အကောင်းဆုံးပေ့ါ။ အခုလည်း မြို့မိမြို့ဖတွေနဲ့ ဆွေးနွေးပြီးတော့ လုပ်တာထင်ပါတယ်။ ကျနော်တို့လည်းမရှိတော့ အစည်းအဝေးမတက်လိုက်ရဘူး။ နန်းရာကုန်းမှာ ဖောင်ဒေးရှင်းတွေချပြီးတော့ လုပ်လို့တော့လုံးဝမရဘူးပေါ့။ အခုယာယီလုပ်မဲ့နေရာဟာ တခြားနေရာထက်စာရင်တော့ ထားသင့်တယ်။ ဒါပေမဲ့လည်း မထားတာတော့ အကောင်းဆုံး ပေါ့နော်” ဟု ပြောကြားသည်။
ယာယီကားဂိတ် ဆောက်လုပ်မည့်အပေါ် မြောက်ဦးဒေသခံ ဦးမောင်ရွှေတင်က “ ဘယ်လိုအနေထားနဲ့ပဲကြည့်ကြည့် နန်းရာကုန်းမှာ ယာယီကားဂိတ်ပဲဖြစ်ဖြစ်၊ ထာဝရကားဂိတ်ပဲဖြစ်ဖြစ် စဉ်စားဖို့တောင် လုံးဝမသင့်တော်တဲ့ကိစ္စပါ။ အသိရှိတဲ့သူတိုင်းက အဲလိုပဲပြောကြမှာပဲ။ ဘယ်လိုမှ လက်ခံလို့ မသင့်တော်တဲ့ကိစ္စပဲဖြစ်တယ်။ ရှေးဟောင်းယဉ်ကျေးမှုစံနှုန်းနဲ့ပဲ တိုင်းတိုင်း၊ လူတွေရဲ့ဗဟုသုတနဲ့ပဲတိုင်းတိုင်း ဘယ်လိုမှမဖြစ်သင့်ဘူး။ အခုလိုမျိုး တိုင်းသိပြည်သိ သတင်းတွေတက်လာတာကိုက လုံးဝမဖြစ်သင့်ဘူး။ ကားဂိတ်ထားလိုက်တော့ မြေတုန်ခါမှုတွေဖြစ်ပြီးတော့ ဆိုးတဲ့အကျိုးဆက်တွေဖြစ်သွားနိုင်တယ်။ တကယ်လို့ ကားဂိတ်ထားလိုက်လို့ရှိရင် အဲဒီနေရာမှာ အမှိုက်သရိုက်တွေကအစ စွန့်ပစ်ပစ္စည်းတွေက ပိုပြီးများလာမယ်။ ဒီလိုမျိုးကားဂိတ်တွေထားလိုက်တော့ နောက်အကျိုးဆက်တွေ ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာ စဉ်းစားလို့ရတယ်” ဟု ပြောသည်။
စစ်တွေ-မြောက်ဦးပြေးဆွဲနေသည့် ကားသမား ကိုကျော်နိုင်ကလည်း ၎င်းတို့ ကားသမားများအတွက် ကားဂိတ်နှင့်ဈေး နီးသည်မှာ ပိုကောင်းကြောင်း၊ ခရီးသည်များအတွက်လည်း အဆင်ပြေမည်ဖြစ်ကြောင်း၊ အခြားတစ်ခုက ကားများကို တစ်စုတစ်စည်းတည်း ရပ်နားစေသည်ကလည်း သပ်သပ်ရပ်ရပ်ဖြစ်စေကြောင်း၊ ခရီးသည် လမ်းသွားလမ်းလာသူများအတွက်လည်း အဆင်ပြေမည်ဖြစ်ကြောင်း၊ လူများအမြင်တွင်လည်း ရှင်းရှင်းလင်းလင်းဖြစ်သွားမည်ဖြစ်ကြောင်း၊ ကားများ၊ ဆိုင်ကယ်များ၊ ဘေးတွဲများကို လမ်းဘေးချရပ်ထားရခြင်းကြောင့် လမ်းသွားလမ်းလာများအတွက် လမ်းကြပ်တည်းနေကြောင်းနှင့် ယာဉ်မတော်တဆမှုများဖြစ်ကြကြောင်း DMG သို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅-၂၀၂၀ လွှတ်တော်သက်တမ်းမှာလည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆိုပါနေရာတွင် ယာယီကားဂိတ်ပြုလုပ်ရန် စီစဉ်ခဲ့ကြသော်လည်း မြောက်ဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောနှင့် ဒေသခံများ ကန့်ကွက်မှုကြောင့် ကားဂိတ်ပြုလုပ်မည့်အစီအစဉ် ပျက်ပြယ်ခဲ့သည်။
ယခုပြုလုပ်မည့် ယာယီကားဂိတ်နေရသည် ရခိုင်တို့၏ အထွက်အမြတ်ထားရှိရာ နန်းတော်ရာကုန်းနှင့် အလွန်းနီးစပ်ခြင်း၊ တတိယတံတိုင်းအပြင်ဘက်ကွင်းဆိုပေမယ့် နန်းတော်ရာကုန်းဧရိယာထဲတွင် ပါဝင်နေခြင်းကြောင့် အခြားမြို့နယ်များမှ ရခိုင်တိုင်းရင်းသားများက ပြင်းထန်စွာ ကန့်ကွက်နေသည်ကို ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ပြောဆို ရေးသားဖော်ပြနေကြသည်ကို တွေ့ရသည်။
ယာယီဂိတ်ပြုလုပ်ရန် ဒေသခံများဖြင့် သဘောတူညီမှုရရှိပါက မြို့နယ်ထွေ/အုပ်မှတစ်ဆင့် ပြည်နယ်စစ်ကောင်စီသို့ တင်ပြကာ အတည်ပြုချက် ရယူပြီးမှ လက်တွေ့အကောင်အထည်ဖော်မည် ဖြစ်ကြောင်း၊ ကားဂိတ်ပြုလုပ်ခွင့်ရလျင် ကားသမားများကို ကော်မတီဖွဲ့စည်းခိုင်းမည်ဖြစ်ပြီး ယင်းကော်မတီကပဲ ဂိတ်ကြေးကောက်ခံကာ ကားဂိတ်ကို မြေဖို့ခြင်း၊ လမ်းများပြုလုပ်ပေးခြင်း၊ ခြံစည်းရိုးခတ်ခြင်းများကို ပြုပေးမည်ဖြစ်ပြီး စည်ပင်ကာ ထဲထဲဝင်ဝင် ပါဝင်မည်မဟုတ်ကြောင်း မြောက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်က ပြောသည်။
နန်းတော်ရာကုန်း တတိယတံတိုင်းဘေးရှိ ယာယီကားဂိတ်ပြုလုပ်မည့် မြေကွက်လပ်မှာ လွန်ခဲ့သည့်နှစ်များစွာက လူနေအိမ်များရှိခဲ့ပြီး ၁၉၉၅-၉၆ ခုနှစ်ခန့်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဦးပိုင်မြေဟုပြောဆိုကာ လူနေအိမ်များကိုဖြိုဖျက်၍ မြေလွတ်အဖြစ်ထားရှိသည့်နေရာဖြစ်သည်။