- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
နိုင်ငံရေးလှုပ်ရှားမှုကြောင့် သေဒဏ်နှင့် တသက်တကျွန်း ကျခံရသူ ၂၀၉ ဦးထိရှိလာ
မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အချိန်တွင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် မြန်မာနိုင်ငံတွင် သေဒဏ်နှင့် ထောင်ဒဏ်တသက်တကျွန်းကျခံရသူ (၂၀၉) ဦးအထိ ရှိလာကြောင်း မြန်မာ့နိုင်ငံရေးသုတေသနအဖွဲ့တခုဖြစ်သည့် မြန်မာ့မဟာဗျုဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ထုတ်ပြန်ချက်အရ သိရသည်။
08 Jun 2022
DMG ၊ ဇွန် ၈
မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အချိန်တွင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် မြန်မာနိုင်ငံတွင် သေဒဏ်နှင့် ထောင်ဒဏ်တသက်တကျွန်းကျခံရသူ (၂၀၉) ဦးအထိ ရှိလာကြောင်း မြန်မာ့နိုင်ငံရေးသုတေသနအဖွဲ့တခုဖြစ်သည့် မြန်မာ့မဟာဗျုဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ၂၀၉ ဦးတို့တွင် ဖမ်းဆီးခံရပြီး သေဒဏ်ချမှတ်ခံရသူနှင့် ဝရမ်းထုတ်ခံရပြီး သေဒဏ်ချမှတ်ခံရသူ ၁၁၇ ဦး၊ ဖမ်းဆီးခံရပြီး သေဒဏ်နှင့် ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရသူ ၆ ဦးနှင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရသူ ၈၆ ဦးတို့ ပါဝင်ကြောင်းလည်း ISP-Myanmar ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုအထဲတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားမှုကြောင့် သေဒဏ်ချမှတ်ခံရသူ လေးဦးဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားဟောင်း ကိုဂျင်မီ (ခ) ဦးကျော်မင်းယုနှင့် NLD လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော် တို့ကို ကွပ်မျက်ရန် စီစဉ်နေကြောင်း ပြီးခဲ့သည့် ဇွန်လ (၁) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။
ယခင်စစ်အစိုးရ လက်ထက်များ၌ သေဒဏ်ချခံထားရသူတို့ကို ကွပ်မျက်ခြင်းများမရှိခဲ့ဘဲ ပြစ်ဒဏ်လျော့ချပေးသည်များသာရှိခဲ့သဖြင့် ယခု စစ်ကောင်စီက ကိုဂျင်မီတို့ကို ကွပ်မျက်မည့်အရေးမှာ မဖြစ်သင့်ဟုလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုရဲက မှတ်ချက်ပြုသည်။
“ စစ်အာဏာသိမ်းယူခဲ့တဲ့ အရင်အချိန်တုန်းကလည်း သေဒဏ်ချမှတ်ခဲ့တာရှိတယ်။ ဒါပေမယ့် အယူခံဝင် ပြီးတော့ ငါးနှစ်အကြာမှာ ထောင်ဒဏ်တသက်အထိသို့ ပြစ်ဒဏ်အသီးသီးလျော့ချပြီး လွတ်မြောက်ခဲ့တာရှိတယ်။ သေဒဏ်ချလို့ အပြစ်ပေးခံရတာက ကျောင်းသားခေါင်းဆောင်တစ်ဦးပဲရှိခဲ့တယ်။ အခုက တမင်တကာ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကို မခံနိုင်လို့ အခုလိုပြောဆိုလိုက်တာလို့ပဲမြင်ပါတယ် ” ဟု ကိုရဲက ပြောသည်။
တသက်တကျွန်းနှင့် သေဒဏ်ချမှတ်ခံထားရသူ ၂၀၉ ဦးထဲတွင် ရန်ကုန်တိုင်းမှ ၂၀၂ ဦးနှင့် ဧရာဝတီတိုင်းမှ ၇ ဦးတို့ ဖြစ်ကြောင်းလည်း ISP က ဆိုသည်။
ထိုအထဲမှ ပထမ အများဆုံးအဖြစ် ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်၌ သေဒဏ်ချမှတ်ခံရသူ ၅၂ ဦးနှင့် ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရသူ ၁၂ ဦးအထိရှိနေပြီး လှိုင်သာယာမြို့နယ်တွင် သေဒဏ်ချမှတ်ခံရသူ ၁၇ ဦး၊ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသူ ၃၀ ဦးနှင့် သေဒဏ်နှင့် ထောင်ဒဏ် တသက်တကျွန်း ပူးတွဲချမှတ်ခံရသူ ၃ ဦးတို့ရှိခဲ့ကာ အသက် (၁၈) နှစ်အောက် လူငယ်နှစ်ဦးပါဝင်ကြောင်းလည်း သိရသည်။
ထိုသို့ အသက် (၁၈) နှစ် မပြည့်သည့် ကလေးသူငယ်များပါဝင်နေသည့်အတွက် နိုင်ငံအတွင်း၌ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ ချိုးဖောက်ခံရမှုအပေါ် နိုင်ငံတကာအနေဖြင့် ဖိအားပေးမှုများ ပိုမိုဆောင်ရွက်သင့်ကြောင်း ကလေးသူငယ်အရေး လှုပ်ရှားဆောင်ရွက်သူများက ပြောသည်။
“ သေဒဏ်ချမှတ်ခံရတဲ့ အထဲမှာ ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေ ပါဝင်လာတယ်။ ဒါက ကလေးသူငယ်အခွင့် အရေးတွေကို ချိုးဖောက်ထားပြီးပြီ။ တရားစီရင်မှုကလည်း အဓိပ္ပါယ်မရှိတော့ဘူး။ အဲဒီတော့ စစ်ကောင်စီအပေါ်ကို နိုင်ငံတကာကနေ ဒီထက်ပိုပြီး ဖိအားပေးဆောင်ရွက်ပေးဖို့ ပိုပြီးလိုအပ်နေပါပြီ ” ဟု ကလေးသူငယ်ရေး တက်ကြွလှုပ်ရှား ဆောင်ရွက်သူ ကိုမင်းက ဆိုသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတက်ကြွလှုပ်ရှားမှုကြောင့် သေဒဏ်ချမှတ်ခံထားရသူများကို ကြိုးပေးရန်အတွက် စစ်ကောင်စီဘက်က ကြိုးစားလုပ်ဆောင်မှုအပေါ် ကမ္ဘာ့ကုလသမဂ္ဂ၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးနှင့် အမေရိကန်သံရုံးတို့က ဆန့်ကျင်ကြောင်းနှင့် ဆက်စပ် ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန် ပြီးခဲ့သည့် ဇွန်လ ပထမ သီတင်းပတ်တွင် တောင်းဆိုမှုများရှိခဲ့သည်။