- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တော ကြိမ်ချောင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးမှုဖြစ်စဉ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် လေးဦးတို့ ပြန်မလွတ်သေး
မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံရမှုဖြစ်စဉ်တွင် ယာဉ်ပေါ်လိုက်ပါလာသည့်လူငယ်များကို ပြန်လည်လွှတ်ပေးမှုများရှိသော်လည်း ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် လေးဦးတို့မှာ ပြန်မလွတ်သေးကြောင်း မိသားစုဝင်များထံမှ သိရသည်။
03 Feb 2022
DMG ၊ ဖေဖေါ်ဝါရီ ၃
မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံရမှုဖြစ်စဉ်တွင် ယာဉ်ပေါ်လိုက်ပါလာသည့်လူငယ်များကို ပြန်လည်လွှတ်ပေးမှုများရှိသော်လည်း ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် လေးဦးတို့မှာ ပြန်မလွတ်သေးကြောင်း မိသားစုဝင်များထံမှ သိရသည်။
မောင်တောတွင်ဖမ်းဆီးခံရသည့် လူငယ် ၃၁ ဦးထဲကအချို့ကို ပြန်လည်လွှတ်ပေးနေကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် DMG သို့ ပြောဆိုထားသည်။
သို့သော် ဖမ်းဆီးခံရသူများထဲမှ လူဦးရေမည်မျှလွှတ်ပေးသည်ကို မသိရှိကြောင်းနှင့် ၎င်းတို့မှာ မြို့နယ်တစ်ခုတည်းမှမဟုတ်ကြကြောင်း ဦးလှသိန်းကဆိုသည်။
ဖမ်းဆီးခံရသည့်အထဲတွင် မာန်အောင်မြို့နယ်မှ ဒေသခံ ၃ ဦးပါဝင်ပြီး ၎င်းတို့လွတ်မြောက်လာ၍ မိသားစုမှခေါ်ဆောင်သွားပြီဖြစ်ကြောင်း မာန်အောင်မြို့ စစ်တပ်အသိုင်းအဝိုင်းမှသိရသည်။
မာန်အောင်မြို့နယ်မှ ၃ ဦးတွင် သစ်ပုံကျေးရွာအုပ်စုမှ နှစ်ဦးနှင့် ကအီးကျေးရွာအုပ်စုမှ တစ်ဦးတို့ပါဝင်သည်။ ၎င်းတို့ ၃ ဦးမှာ ဖေဖေါ်ဝါရီလ ၂ ရက်နေ့က နေအိမ်သို့ရောက်ရှိနေပြီဖြစ်ကြောင်းကို သစ်ပုံကျေးရွာဒေသခံတစ်ဦးက အတည်ပြုသည်။
"မနက် ၉ နာရီကျော်က ရွှေလင်းယုန်အမြန်ရေယာဉ်နဲ့ တောင်ကုတ်ကနေပြီး မိဘတွေပြန်ခေါ်လာကြပြီ။ အခုအိမ်ကိုရောက်နေပြီ။ ပြန်လွှတ်တာဟုတ်တယ်ဗျ"ဟု ၎င်းဒေသခံကပြောသည်။
ဖမ်းဆီးခံရသည့်အထဲတွင်ပါဝင်သော ကျောက်ဖြူမြို့နယ်မှ ၈ ဦးကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း လူမှုကွန်ယက်ပေါ်ပျံနှံ့ခဲ့သော်လည်း သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် ဒေသခံသတင်းရင်းမြစ်များမှ အတည်ပြုခြင်းမရှိပေ။
ဖမ်းဆီးခံရသည့် လူငယ် ၃၁ ဦးထဲတွင် မည်သည့်မြို့နယ်များမှ လူမည်မျှပါဝင်ပြီး လက်ရှိမှာ မည်မျှလွှတ်ပေးထားသည်ကို ပြည်နယ်စစ်ကောင်စီမှ တိတိကျကျပြောဆိုသည်ကို မတွေ့ရပ။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။
ယင်းသို့ လူငယ် ၃၁ ဦးဖမ်းဆီးခံရမှုဖြစ်စဉ်တွင် အတူဖမ်းဆီးခံခဲ့ရသော မောင်တောဒေသခံ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်လေးဦးတို့မှာ ယနေ့(ဖေဖေါ်ဝါရီလ ၃ ရက်)နေ့လည်ပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း မိသားစုဝင်များကပြောသည်။
"ကျွန်မ မနေ့က ကြိမ်ချောင်းရဲစခန်းကိုသွားတွေ့ခဲ့တယ်။ လူတွေကိုတော့မြင်ခဲ့ရတယ်။ စကားပြောခွင့်မရခဲ့ပါဘူး။ အပေါ်ကလွှတ်ပေးဖို့အမိန့်မရသေးလို့ မလွှတ်ပေးသေးတာလို့သိရတယ်"ဟု ဖမ်းဆီးခံထားရသည့် ယာဉ်မောင်းတစ်ဦး၏ ဇနီးကပြောသည်။
အဆိုပါ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်လေးဦးတို့မှာ မောင်တောမြို့နယ်မြောက်ပိုင်း မင်္ဂလာညွှန့်ကျေးရွာနှင့် ရန်အောင်ပြင်ကျေးရွာတို့မှဖြစ်ကြောင်း သိရသည်။
၎င်းတို့လေးဦးကို ဖမ်းဆီးထိန်းသိမ်းထားသည့် ကြိမ်ချောင်းစစ်ဆေးရေဂိတ်မှနေ၍ ယနေ့(ဖေဖေါ်ဝါရီလ ၃ ရက်)တွင် မောင်တောသို့ ယူဆောင်သွားကြောင်း မိသားစုဝင်များကပြောသည်။
“ကျွန်မအိမ်ရှင်နဲ့အတူ ဖမ်းဆီးခံရတဲ့လေးဦးကို ဒီနေ့ကြိမ်ချောင်းဂိတ်ကနေ မောင်တောသို့ယူသွားပါတယ်။ ကျွန်မအိမ်ရှင်က ကားနောက်မှာ စပယ်ယာလိုက်တာပါ"ဟု မောင်တောတွင် ဖမ်းဆီးခံရသူတစ်ဦး၏ ဇနီးကပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့က မောင်တောမြို့နယ်၊ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်ကိုဖြတ်သန်းသည့် ကားနှစ်စီးကိုတားဆီးကာ ယာဉ်ပေါ်လိုက်ပါလာသော လူငယ်များအပါအဝင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ဖမ်းဆီးခဲ့သည်။
ယင်းအထဲမှ လူငယ်အချို့ကိုလွှတ်ပေးနေကြောင်းပြောသော်လည်း ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။