စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဆယ်အိမ်မှူးနှစ်ဦးပြန်လွတ်လာ၊ အုပ်ချုပ်ရေးမှူးကို ပြန်မလွှတ်သေး

မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ ဆယ်အိမ်မှူးနှစ်ဦး ပြန်လွတ်လာသော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြန်မလွှတ်ပေးသေးကြောင်း ဒေသခံများကပြောသည်။

30 May 2022

ပလက်ဝမြို့ကို ကုလားတန်မြစ်မှမြင်ရပုံ (ဓာတ်ပုံ–ခူမီးမီဒီယာ)

DMG ၊ မေ ၃၀

မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ ဆယ်အိမ်မှူးနှစ်ဦး ပြန်လွတ်လာသော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြန်မလွှတ်ပေးသေးကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က အဘောင်သားကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော်(AA)တိုပ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြန်မာစစ်တပ်မှစစ်သားများသည် အဘောင်သားကျေးရွာမှ ဆယ်အိမ်မှူးနှစ်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ပလက်ဝအခြေစိုက် ခလရ(၂၈၉)တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတို့ကဆိုသည်။

မေလ ၂၈ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားသူများထဲမှ ဆယ်အိမ်မှူးနှစ်ဦးတို့ ပြန်လွတ်လာခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ယနေ့အထိလွတ်မြောက်လာခြင်းမရှိသေးဟု အဘောင်သားကျေးရွာသားတစ်ဦးက ပြောသည်။

“သူတို့ကို ဒီအတိုင်းချုပ်ထားပြီးတော့ တစ်ခုမှစားဖို့သောက်ဖို့ မပေးဘူးလို့ပြောတယ်။ ပြီးတော့ သူတို့ကို တစ်ယောက်တစ်ခန်းစီ သီးသန့်ချုပ်ထားတယ်လို့သိရတယ်”ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် အဘောင်သားကျေးရွာသားတစ်ဦးက DMG ကိုပြောသည်။

၎င်းကဆက်၍ “သူတို့ကိုတော့ ထုထောင်းရိုက်နှက်တာတွေတော့ မလုပ်ဘူးလို့သိရတယ်။ ဘာဖြစ်ဖြစ် ဒေသခံတွေကတော့ နောက်ထပ်ပြန်လာပြီး ဖမ်းလာမလားဆိုတာကို စိုးရိမ်မှုတွေရှိနေကြတယ်”ဟု ဆိုသည်။

လွတ်မြောက်လာသည့် ဆယ်အိမ်မှူးနှစ်ဦးမှာ ဦးသာနီအောင်နှင့် ဦးအောင်ထွန်းတို့ဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်မှာ ပြန်မလွတ်သေးပေ။

အဘောင်သားကျေးရွာအနီးရှိ ကန့်လေကျေးရွာသားတစ်ဦးက “စစ်သားတွေက အိမ်ကိုလာပို့ကြတာမဟုတ်ဘူး။ လွတ်လာပြီးတော့ ခြေကျင်လျှောက်လာကြဖြစ်တယ်”ဟု ပြောသည်။

အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးထားခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG ကဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ် တောင်ပိုင်းတွင်တည်ရှိပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် နယ်နိမိတ်ချင်းဆက်စပ်နေကာ မြန်မာစစ်တပ်နှင့် AA တို့အကြား စစ်ရေးတင်းမာနေသည့် ဒေသတစ်ခုလည်းဖြစ်သည်။