ပြည်နယ်မြို့တော် စစ်တွေတွင် မိုးရာသီရောက်သည်နှင့် လမ်းတစ်ချို့ ဆိုးရွားစွာ ပျက်စီးနေ

ပြည်နယ်အစိုးရ ရုံးစိုက်ရာ ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင် မိုးရာသီရောက်လာသည်နှင့် အဓိကလမ်းနှင့် လူသွားလူလာများသော အချို့သောလမ်းမပေါ်တွင် အပါက်အပြဲများ၊ ချောက်ခွက်များဖြင့် ရေဝပ်နေမှုများကြောင့် ဆိုးရွားစွာ ပျက်စီးမှုများရှိနေခြင်းဖြစ်သည်။

11 Jun 2022

စစ်တွေမြို့ ကျောင်းကြီးလမ်း ပျက်စီးနေပုံ။ (ဓါတ်ပုံ - DMG)

DMG ၊ ဇွန် ၁၁

ပြည်နယ်အစိုးရ ရုံးစိုက်ရာ ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင် မိုးရာသီရောက်လာသည်နှင့် အဓိကလမ်းနှင့် လူသွားလူလာများသော အချို့သောလမ်းမပေါ်တွင် အပါက်အပြဲများ၊ ချောက်ခွက်များဖြင့် ရေဝပ်နေမှုများကြောင့် ဆိုးရွားစွာ ပျက်စီးမှုများရှိနေခြင်းဖြစ်သည်။

ထိုသို့ စစ်တွေမြို့ ရှိလူသွားလူလာများသည့်လမ်းများ မှာဆိုးရွားစွာ ပျက်စီးမှုများရှိနေသောကြောင့် ထို လမ်းမှဖြတ် သန်းသွားလာကာ ကျောင်းတက်နေရသည့် ကျောင်းသားများ အတွက်အန္တရာယ် ဖြစ်စေနိုင် ကြောင်း စစ်တွေမြို့ဒေသခံ ကိုကျော်နိုင်ဌေးက DMG သို့ ပြောသည်။

“ကုန်တန်း- နာဇီလမ်းဆိုရင် တော်တော်လေးဆိုးနေတယ်။ နောက် မင်းဗာကြီးလမ်း ဆိုရင်လည်း ချိုင့်ခွက်တွေနဲ့ ဖြစ်နေ ပြီ။ အဲဒီမှာကျနော်တို့ ကျောင်းသားတွေက ဆိုင်ကယ်နဲ့သွားတဲ့အခါ လမ်းဆိုးတဲ့အတွက်မိုးရာသီမှာ တော်တော်လေးအန္တရာယ်များပါတယ်။ လမ်းတွေကပျက်စီးနေပြီဖြစ်တဲ့အတွက် ပြန်ပြုပြင်သင့်နေပါပြီ ” ဟု ကိုကျော်နိုင်ဌေး ကပြောသည်။

အလားတူ ပြီးခဲ့သည့်၂၀၂၀ ခုနှစ်က ကုန်သည်လမ်းကို ကွန်ကရစ်လမ်းမ အဖြစ်ပြုပြင်ခဲ့သော်လည်း လက်ရှိတွင် ပျက်စီးမှုများရှိနေခြင်းကြောင်း မြို့ခံများ သွားလာရေးတွင် အဆင်ဖြစ်နေကြခြင်းဖြစ်သည်။

စစ်တွေမြို့ရှိ ကျောင်းကြီးလမ်းကို လွန်ခဲ့သည့်နှစ်၂၀ ကျော်ခန့်က ကတ္တရာလမ်း အဖြစ်ခင်းခဲ့သော်လည်း လမ်း ပေါက်ပြဲမှုများ မကြာခဏရှိနေသောကြောင့် (၂) နှစ်တစ်ကြိမ်၊ (၃) နှစ်တစ်ကြိမ်ခန့်ဖာထေး ပြုပြင်နေရသည်လည်း အဆိုပါလမ်းနေ မြို့ခံများက ဆိုသည်။

ယင်းအပြင် မင်းဂံရပ်ကွက်ရှိ လမ်းတစ်ချို့တွင်လည်း မိုးရွာသွန်းသည်နှင့် တပြိုင်နက် လမ်းမများတွင် ရေကြီး ရေလျှံမှုများရှိ နေသဖြင့် လမ်းများပျက်စီးကာ ရပ်ကွက်နေ သွားလာသူများ အဆင်မပြေဖြစ်နေရကြောင်း မင်းဂံရပ်ကွက်တွင် နေထိုင်သူ ကိုပိုင်စိုးက ပြောသည်။

“မင်းဂံဘက်မှာဆို လမ်းတွေဆိုးတယ်။ တစ်ချို့နေရာတွေမှာဆို မိုးရွာတဲ့အခါ ရေတွေဒူးလောက်ဝပ်တဲ့အတွက် ကျောင်းသွားတဲ့သူတွေ၊ ရုံးသွားတဲ့သူတွေ အတွက်လုံးဝ အဆင်မပြေကြဘူးလေ။ မိုးရာသီမှာ သွားလာတဲ့ သူတွေ အဆင်ပြေ အောင်လို့ လမ်းကိုဦးစားပေး ပြုပြင်ပေးစေချင်တယ် ” ဟု ကိုပိုင်စိုးက တောင်းဆိုသည်။

ယခုကဲ့ သို့ စစ်တွေမြို့ရှိ လူသွားလူလာများသည့်  လမ်းများ ပျက်စီးနေမှုနှင့် ပတ်သတ်ပြီး ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူး ဦးကျော်မိုးအား DMG က ဆက်သွယ်မေးမြန်းခဲ့ရာတွင် ပျက်စီးနေသည့် လမ်းများအား ဖာထေးပေးမည်ဟု ပြောသည်။

ဦးကျော်မိုးက  “ ဖာပေးမှာပါ။ အဲလမ်းတွေက လာမယ့်နှစ် လုပ်မယ့်အထဲ မှာပါတယ်။ လောလောဆယ်တော့ လမ်းပေါက်နေတာတွေကို ဖာပေးပါလိမ့်မယ် ” ဟု ဆိုသည်။

ထို့အတူ စစ်တွေမြို့ရှိ လမ်းမများကို ပြန်လည်ပြုပြင်ရာ၌လည်း လမ်းဟောင်းများကို ထပ်ပိုးကာ ခင်းနေသည့်အတွက် လမ်း၏ ထုထည် မြင့်တက်လာသဖြင့် မြေနိမ့်ပိုင်းမှနေအိမ်များကို ရေများဝင်ရောက်မှုရှိနေ သောကြောင့် ရေစီးရေလာကောင်းမွန်ရန်အတွက် မြို့တွင်း မြောင်းစနစ်များကို ကောင်းမွန်အောင် ရှင်းလင်းသင့်ကြောင်းလည်း ဒေသခံတို့က ထောက်ပြပြောဆိုနေကြသည်။