- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးမှူးအပါအဝင် ဒေသခံလေးဦးကို မြန်မာစစ်တပ်က ဖမ်းဆီး
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဌာနဦးစီးမှူး အပါအဝင် ဒေသခံ(၄)ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးပြီး အမှုဖွင့်ထား သည်ဟု ဒေသခံများထံက သိရသည်။
30 Sep 2022
DMG ၊ စက်တင်ဘာ ၃၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဌာနဦးစီးမှူး အပါအဝင် ဒေသခံ(၄)ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးပြီး အမှုဖွင့်ထား သည်ဟု ဒေသခံများထံက သိရသည်။
ဖမ်းဆီးခံထားရသူများမှာ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ဆင့်နှင့် အစိုးရရပ်ကွက်မှ ကိုရန်နိုင်မင်း (ခ) ကိုသောက်ဆန်း၊ ကိုသန်းမောင်၊ ကိုမောင်နိုင်တို့ဖြစ်သည်။ ကိုသန်းမောင်၊ ကိုမောင်နိုင်နှင့် ဦးစီးမှူး ဦးကျော်ဆင့်တို့ကို စက်တင်ဘာလ ၂၈ ရက်နေ့၊ နေ့လယ်ပိုင်းက ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် လာရောက်ဖမ်းဆီးသွားခြင်းဟု ရုံးနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
"သူတို့ ၃ ယောက်ကို ရုံးမှာလာခေါ်သွားတာဖြစ်တယ်။ နောက် ၂ ယောက်ကတော့ ဒေသခံတွေပါ။ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေဖြစ်တယ်။ အဲဒါ လာဖမ်းတဲ့အခါ ဦးစီးနဲ့အတူတူ တွေ့တော့ သူတို့ကိုပါ တစ်ခါတည်းဖမ်းသွားတာဖြစ်တယ်။ သူတို့ကိုရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်”ဟု သူကပြောသည်။
အလားတူ စက်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း အစိုးရရပ်ကွက်မှ ရေလုပ်ငန်းလုပ်ကိုင်သူ ကိုရန်နိုင်မင်း(ခ) ကိုသောက်ဆန်းကိုလည်း မြန်မာစစ်တပ်က နေအိမ်အတွင်းမှ ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ၎င်းကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားကြောင့် ၎င်းနှင့်ရင်းနှီးသူတစ်ဦးက ဆိုသည်။
"သူလည်း ရေလုပ်ငန်းမှာ လှေဝင်လှေထွက်စာရင်းကောက်တဲ့နေရာမှာလုပ်တဲ့ လူတစ်ယောက်ဖြစ်တယ်။ သူ့ကိုတော့ နေအိမ်မှာ မြန်မာစစ်တပ် အင်အား ၃၀ လောက်က လာဖမ်းသွားတာ။ အခုတော့ ပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ပြီး ကျောက်ဖြူထောင်မှာ ထားတယ်"ဟု သူကပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက် မြန်မာစစ်တပ်က အရပ်သားများကို သံသယဖြင့်ဖမ်းဆီးမှု များပြားလာသည်။ လက်ရှိတွင် မောင်တော၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲဧရိယာမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုကျယ်ပြန့်လာနေသည်။