- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျေးရွာ (၂၀) ကျော်အတွက် အရေးပါသည့် ကျောက်ဖြူ - ရေနံဒွိန်ကားလမ်း ပျက်စီးနေခြင်းကို အမြန်ဆုံးပြုပြင်ပေးရန် ဒေသခံများလိုလား
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း (၂၁) ရွာက ဒေသခံများအတွက် အရေးပါသည့် ကျောက်ဖြူ- ရေနံဒွိန်ကားလမ်း ဆိုးရွားစွာ ပျက်စီးနေမှုကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြသည်။
11 Jul 2022
DMG ၊ ဇူလိုင် ၁၁
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း (၂၁) ရွာက ဒေသခံများအတွက် အရေးပါသည့် ကျောက်ဖြူ- ရေနံဒွိန်ကားလမ်း ဆိုးရွားစွာ ပျက်စီးနေမှုကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြသည်။
လက်ရှိတွင် အဆိုပါ ရေနံဒွိန်လမ်းမှာ မိုးရာသီဖြစ်သဖြင့် ကား၊ ဆိုင်ကယ်များ သွားလာမရအောင် ပျက်စီးနေသည့်အတွက် ၎င်းလမ်းကို အသုံးပြု သွားလာနေရသည့် ဒေသခံများမှာ အရေးပေါ်ကျန်းမာရေး ကိစ္စရပ်များအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများက ဆိုသည်။
“ဒီလမ်းကို အသုံးပြုနေတာက မင်းရပ်အုပ်စုနဲ့ ငါးလုံးစု အုပ်စုဆိုပြီး အုပ်စု နှစ်ခုပေါင်း ရွာ ၂၀ ကျော်ရှိပါတယ်။ ဒီ ရွာတွေမှာက ကျန်းမာရေးကိစ္စ အရေးကြီးတစ်ခုခုဖြစ်ပြီးဆိုရင် ဒီလမ်းကိုပဲ အဓိကအသုံးပြုပြီး သွားပြကြရသလို အခြားကိစ္စတွေ အတွက်လည်း ဒီလမ်းက တော်တော်လေး အရေးပါပါတယ် ” ဟု မင်းရပ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ပြောသည်။
၎င်းအပြင် အဆိုပါလမ်းမှာ ဒေသအတွင်း စီးပွားရေး၊ လူမှုစီးပွားရေးနှင့်ပတ်သက်ပြီး လက်ရှိတွင် ဒေသခံများ သွားလာရေး အဆင်မပြေဖြစ်နေသည့်အတွက် များစွာသော ဆုံးရှုံးနစ်နာမှုများ ကြုံနေကြရကြောင်း ဆင်တင်ကျေးရွာသူ ဒေါ်လှဝင်းကြည်က ပြောသည်။
“လမ်းရဲ့ တချို့နေရာတွေမှာဆို ဒူးလောက်ထိ နက်တဲ့ ချိုင့်ခွက်အကြီးကြီးတွေရှိတယ်။ တချို့နေရာတွေက ရေကျော်ပြီးတော့ လမ်းအလယ်ကနေ ပြတ်ထွက်နေတယ်။ ရွံ့ဗွက်တွေကျွံပြီးတော့ လမ်းက ဘယ်ကား ဘယ်ဆိုင်ကယ်မှ သွားလို့မရတော့ဘူး” ဟု ဒေါ်လှဝင်းကြည်က ပြောသည်။
အလားတူ အဆိုပါလမ်းတွင် ခရီးသည်တင် ပြေးဆွဲနေသည့် ၃ စီးရှိပြီး ဒေသထွက် သီးနှံများကို မြို့ပေါ်သို့ ရောင်းဝယ်ဖောက်ကားရာတွင် ဒေသများ အလေးထားရသည့် လမ်းဖြစ်သည့်အတွက် အမြဲတမ်းသွားလာလို့ အဆင်ပြေသည့်လမ်းအဖြစ် အဆင့်မြှင့်တင်စေလိုကြောင်းလည်း ဒေသခံများက တောင်းဆိုနေကြသည်။
အဆိုပါ ကားလမ်းမှာ အရှည် ၁၀ မိုင်ကျော်ရှိ ပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကျောက်ဖြူ- ရန်ကုန် ကားလမ်းမကြီးနံဘေးရှိ ကျောက်ကလေရွာမှ ၆ မိုင်ခန့် ကွာဝေးသည့် မင်းရပ်အုပ်စု ရေနံဒွိန်ကျေးရွာသို့ ကျောက်ချောလမ်းအဖြစ် စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ၂၀၁၈ ခုနှစ်တွင် မင်းရပ်အုပ်စု ရေနံဒွိန်ကျေးရွာမှတစ်ဆင့် ငါးလုံးစုအုပ်စုသို့ ဆက်သွယ်ကာ မြေသားလမ်းအဖြစ် ပြန်လည် ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေသခံများမှ ဆိုသည်။
အဆိုပါလမ်း အဓိက ပျက်စီးရခြင်းမှာ တောင်ကျရေနှင့် ချောင်းရေ ဖြတ်ကျော်မှုကြောင့်ဖြစ်ပြီး နှစ်စဉ် မိုးရာသီရောက်တိုင်း ယခုကဲ့သို့ တွေကြုံရသောကြောင့် လမ်းကိုအမာခံအောင် ပြုပြင်ပေးစေချင်ကြောင်း မင်းရပ်အုပ်စု ဝက်ရကျေးရွာသား ဦးမောင်သန်းရွှေက ပြောသည်။
“ရန်ကုန်- ကျောက်ဖြူ လမ်းမကြီးကနေ ဒီလမ်းကို စဝင်မယ်ဆိုရင် ကျောက်ချောလမ်း အဆုံးရှိတဲ့ ရေနံဒွိန်ရွာအထိပဲ ရောက်တယ်။ မြေသားလမ်းဖောက်ထားတဲ့ နေရာတောက်လျှောက်မှာတော့ ရေကျော်တာကို ခံရပြီး လုံးဝကို သွားလို့လာလို့ မရတော့တာ၊ နောက်ဒီလိုမျိုး မဖြစ်ဖို့ ဒီလမ်းကို စနစ်တကျ ပြုပြင်ပေးစေချင်တယ်” ဟု ဦးမောင်သန်းရွှေက တောင်းဆိုသည်။
ထိုသို့ဒေသခံများ တောင်းဆိုချက်နှင့် ပတ်သက်ပြီး ကျောက်ဖြူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်ထံ DMG က ဖုန်းဆက်သွယ် မေးမြန်းခဲ့ရာတွင် “ အဲဒီလမ်းနဲ့ ပတ်သက်ပြီး ကျနော့်ဆီကို အုပ်ချုပ်ရေးမှူးတွေ အကြောင်းကြားထားတဲ့ အတွက် သိရပါတယ်။
ကျနော့်ဖက်ကလည်း သက်ဆိုင်ရာကို တင်ပြပေးထားပါတယ်။ မကြာခင်မှာတော့ ဘက်ဂျက်ကျလာမှာပါ။ ဘယ်နေ့ ဘယ်လမှာ ဆိုတာတော့ ကျနော့်ဘက်က မပြောနိုင်သေးပါဘူး ” ဟု ဦးမျိုးမင်းထွဏ်းက ပြောသည်။
လက်ရှိ အဆိုပါဒေသတွင် ဒေသခံများမှာ အရေးပေါ်ကျန်းမာရေး ကိစ္စရပ်များအတွက်ကို စက်လှေ စင်းလုံးငှားကာ သွားလာနေကြရပြီး ငွေကြေးမတတ်နိုင်သူများအတွက် စက်လှေငှားရန် အဆင်မပြေမှုများဖြစ်နေရသဖြင့် ၎င်းလမ်းကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးရန် လိုလားနေကြသည်။