- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူမြို့နယ်တွင် အသက်မပြည့်သေးသည့် လူငယ်သုံးဦး ဖမ်းဆီးခံရ
ကျောက်ဖြူမြို့နယ်အတွင်းတွင် အသက် ၁၈ နှစ်အောက် လူငယ်သုံးဦးကို ယနေ့(စက်တင်ဘာလ ၂၂ ရက်)၊ နံနက် ၄ နာရီခန့်တွင် မြန်မာစစ်တပ်ကဖမ်းဆီးသွားကြောင်း ဒေသခံများကပြောဆိုသည်။
22 Sep 2022
DMG ၊ စက်တင်ဘာ ၂၂
ကျောက်ဖြူမြို့နယ်အတွင်းတွင် အသက် ၁၈ နှစ်အောက် လူငယ်သုံးဦးကို ယနေ့(စက်တင်ဘာလ ၂၂ ရက်)၊ နံနက် ၄ နာရီခန့်တွင် မြန်မာစစ်တပ်ကဖမ်းဆီးသွားကြောင်း ဒေသခံများကပြောဆိုသည်။
ဖမ်းဆီးခံရသူသုံးဦးမှာ မလကျွန်းကျေးရွာမှ အသက် ၁၆ နှစ်အရွယ် ကိုမောင်သန်းစိန်နှင့် အသက် ၁၅ နှစ်အရွယ် ကိုလမင်းတို့ဖြစ်သည်။ ထို့ပြင် သပြုတောင်ကျေးရွာမှ မလကျွန်းရွာသို့ အလည်ရောက်ရှိနေသည့် အသက် ၁၆ နှစ်အရွယ် ကိုကတုံးဆိုသူကိုလည်း ဖမ်းဆီးသွားသည်။
"အဖမ်းခံရတဲ့ကလေးတွေက (၉)တန်း၊ (၁၀)တန်းတွေပါ။ သူတို့တွေက တစ်ဖက်ရွာမှာဘောလုံးကန်ပြီး အနိုင်ရလာလို့ ရွာမှာ ရှိတဲ့ခန်းမမှာ ချက်ပြုတ်စားသောက်ပြီး အဲဒီခန်းမမှာ အကုန်စုပြီး အိပ်ကြတယ်လို့သိရတယ်။ အဲဒါကို တပ်ကလာပြီး မနက်(၄)နာရီလောက်မှာ ဝင်ရောက်ဖမ်းသွားတာဖြစ်တယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းတို့ကို မြန်မာစစ်တပ်က မည်သည့်တပ်ရင်းကို ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးပေ။ သို့သော်လည်း ရွာနှင့်တစ်မိုင်ခန့်အကွာရှိ တောင်ကုန်းပေါ်တွင် ကျောက်ဖြူမြို့အခြေစိုက် ခမရ ၅၄၂ နှင့် ခမရ ၅၄၃ တို့ တပ်စွဲစခန်းချထားသည်မှာ (၂)နှစ်ကျော်ရှိနေပြီဖြစ်ကြောင်း နောက်ထပ်ဒေသခံတစ်ဦးကပြောသည်။
“ကလေးမိဘတွေ ဒီနေ့ စခန်းကိုသွားပြီးမေးတဲ့အခါ သူတို့မသိဘူးလို့ ပြန်ပြောလိုက်တယ်လို့သိရတယ်။ ကလေးတွေကတော့ ပြန်မလွတ်လာသေးဘူး။ ကလေးတွေအတွက် စိုးရိမ်နေကြတယ်။ စစ်တပ်ကဖမ်းတယ်လို့ ဘယ်လိုသိရလဲဆိုရင် အဲဒီနားက လူတွေမြင်လိုက်ကြတာဖြစ်တယ်။ တပ်ရင်းနာမည်ကိုတော့ မသိလိုက်ကြဘူး။ စစ်တပ်ဝင်ထွက်သွားလာမှုကတော့ မကြာခဏရှိတယ်”ဟု ၎င်းဒေသခံတစ်ဦးကဆိုသည်။
အလားတူ မင်းပြားမြို့နယ်၊ နရမ်းကျေးရွာမှ ဒေသခံနှစ်ဦးနှင့် ရမ်းဗြဲမြို့နယ်မှ ဒေသခံနှစ်ဦးတို့ကိုလည်း စက်တင်ဘာလ ၂၁ ရက်နေ့တွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့သည်။ မိသားစုဝင်များမှာ လက်ရှိအချိန်ထိ ၎င်းတို့နှင့် တွေ့ခွင့်မရရှိသေးပေ။
အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။