- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဒါးလက်ချောင်းအလယ်ကျွန်းတွင် ဥယျာဉ်ခြံမြေများသို့သွားလာခွင့်ကို စစ်ကောင်စီက နေရာအကန့်အသတ်ဖြင့်ခွင့်ပြုထား
အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စု အလယ်ကျွန်းကျေးရွာဒေသခံများကို ဥယျာဉ်ခြံမြေသို့မသွားကြရန် စစ်ကောင်စီမှ မေလ ၁၉ ရက်နေ့ကတားမြစ်လိုက်ပြီး ယနေ့နံနက်က ပြန်လည်သွားလာခွင့်ပြန်ရကြောင်း ဒေသခံများထံမှ သိရသည်။
20 May 2022
DMG ၊ မေ ၂၀
အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စု အလယ်ကျွန်းကျေးရွာဒေသခံများကို ဥယျာဉ်ခြံမြေသို့မသွားကြရန် စစ်ကောင်စီမှ မေလ ၁၉ ရက်နေ့ကတားမြစ်လိုက်ပြီး ယနေ့နံနက်က ပြန်လည်သွားလာခွင့်ပြန်ရကြောင်း ဒေသခံများထံမှ သိရသည်။
မည်သည့်အကြောင်းအရာကြောင့် ဥယျာဉ်ခြံမြေသို့ သွားလာခွင့်မပြုသည်ကို မသိရကြောင်း ဒေသခံများကပြောဆိုသည်။
ယနေ့နံနက်ပိုင်းက သွားလာခွင့်ပြန်လည်ရရှိသော်လည်း အိုးထိန်းတောင်အနီးသို့ သွားလာခြင်းမပြုကြရန် စစ်တပ်မှ တားမြစ်ထားသေးကြောင်း ဒါးလက်ချောင်းကျေးရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။
"ဒီနေ့မနက်ပိုင်းမှာတော့ ပြန်သွားခွင့်ရတယ်။ ဒါပေမဲ့ နေရာအကန့်အသတ်တော့ ရှိသေးတယ်။ ကခုလို ဘယ်နေရာတွေကိုမသွားရဆိုပြီးတော့ ကန့်သတ်လိုက်တော့ ဒေသအတွင်းတစ်ခုခုဖြစ်မှာကို စိုးရိမ်မိတယ်"ဟု ၎င်းကဆိုသည်။
ဒါးလက်ချောင်းအုပ်စုအတွင်းသို့ ဆန်ရိက္ခာ သယ်ယူခွင့်ကိုလည်း မေလ ၆ ရက်နေ့မှစတင်ကာ စစ်ကောင်စီမှ ပိတ်ပင်ထားသည်။
ဒါးလက်ချောင်းအုပ်စုအတွင်း နေထိုင်သည့်ပြည်သူအများစုမှာ လယ်ယာလုပ်ငန်းနှင့် သီဟိုဋ်ခင်းလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။ ယခုအချိန် သီဟိုဋ်စေ့ကောက်ယူချိန်ဖြစ်သည့်အတွက် သီဟိုဋ်စေ့ကောက်ယူရန် မသွားရခြင်းမှာ ဒေသနေပြည်သူများအတွက် စားဝတ်နေရေးကိုပါ ထိခိုက်လာနိုင်ကြောင်း နောက်ထပ်ဒေသခံတစ်ဦးကပြောသည်။
"အခုအချိန်က ဒီအုပ်စုကလူတွေ သီဟိုဋ်စေ့ကောက်တဲ့အချိန်ဖြစ်နေတယ်။ အဲဒီအချိန်မှာ တောင်ယာတွေကိုမသွားရဘူးဆိုတော့ သီဟိုဋ်စေ့တွေလဲ မကောက်ရဘူး။ သီဟိုဋ်စေ့က အခုအချိန် ခဏပဲကောက်ရတာ။ မိုးတအားရွာလာရင် ကောက်လို့မရတော့ဘူး။ အခုသွားလာခွင့် ပြန်ပေးတယ်ဆိုပေမဲ့ အကန့်အသတ်နဲ့ဘဲ ပေးတယ်။ ပြီးတော့ သူတို့ဝင်သွားတဲ့နေရာကိုလဲ ကျမတို့မဝင်ရဲဘူး"ဟု ၎င်းဒေသခံကပြောသည်။
မေလ ၁၄ ရက်နေ့က အမ်းမြို့နယ် ဒါးလက်မြောက်ကျေးရွာအတွင်းမှ ဒေသခံတစ်ဦးမှာ မိမိသီဟိုဋ်ခင်းအတွင်း သီဟိုဋ်စေ့ကောက်နေချိန် မိုင်းနင်းမိသဖြင့် သေဆုံးခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီတပ်များမှာ ဒါးလက်အလယ်ကျွန်းကျေးရွာ၊ ပိန္နဲတောင်၊ အိုးထိန်းတောင် စသည့်နေရာများတွင် တပ်စခန်းများချကာ နေထိုင်လျှက်ရှိကြောင်း ဒေသခံများကပြောသည်။
လက်ရှိ ဆန်သယ်ယူခွင့်ပိတ်ပင်ထားခြင်း၊ ကျေးရွာသွားများအား အသွားအလာကန့်သတ်ခြင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီမှ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပေ။