- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူဒေသခံသုံးဦးကို မြန်မာစစ်တပ်က ထပ်မံဖမ်းဆီး
အဖမ်းအဆီးကြမ်းနေသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ဒေသခံသုံးဦးကို မြန်မာစစ်တပ်က စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထပ်မံဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
12 Sep 2022
DMG ၊ စက်တင်ဘာ ၁၂
အဖမ်းအဆီးကြမ်းနေသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ဒေသခံသုံးဦးကို မြန်မာစစ်တပ်က စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထပ်မံဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့၊ ကုလာဘာတောင်ရပ်ကွက် မှ ကိုဝင်းအောင်၊ ဦးတင်ညွှန့်နှင့် ရခိုင်ပိုက်ဆိပ်ရပ်ကွက်မှ ဦးစိုးဝင်းနိုင်တို့ဖြစ်သည်။ ဦးဝင်းအောင်အား မြန်မာစစ်တပ် တပ်ဖွဲ့ဝင် အင်အား ၄၀ ခန့်မှ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ဦးတင်ညွှန့်အား ကျောက်ဖြူလေဆိပ်အနီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
"ကိုဝင်းအောင်ကိုတော့ နေအိမ်မှာ လာဖမ်းသွားတာ။ ဘာကြောင့်ဖမ်းတယ်ဆိုတာကိုတော့ မသိဘူး။ အခုက ဧည့်စာရင်းစစ်တယ်ဆိုပြီး အဲလိုဖမ်းဆီးတာတွေတော့ ရှိနေတယ်။ ကိုတင်ညွှန့်ကိုတော့ လေဆိပ်အနီးမှာဖမ်းတာပါ”ဟု ကုလဘာတောင်ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။
ထို့ပြင် ဦးစိုးဝင်းနိုင်ကိုလည်း နေအိမ်အတွင်းသို့ ဧည့်စာရင်းလာရောက်စစ်ဆေးစဉ် ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ၎င်းတို့သုံးဦးလုံးကို ကျောက်ဖြူအခြေစိုက် ခလရ ၃၄ တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ထို့ပြင် စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း အမ်းမြို့မရဲစခန်းမှ ရဲအုပ်သက်လှိုင်ဆိုသူကို စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က ဖမ်းဆီးသွားသည်။
အလားတူ စက်တင်ဘာလ ၇ ရက်နေ့ကလည်း ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ ကိုဝင်းနိုင်၊ အစိုးရရပ်ကွက်မှ ကိုဆလိုင်းကိုအေး(ခ)ကဟိနှင့် ရခိုင်ပိုက်ဆိပ်ရပ်ကွက်မှ ဦးဘသန်းတို့ကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည်။
၎င်းတို့ကို မည်သည့်အတွက်ကြောင့်ဖမ်းဆီးသွားသည်ကို မသိရှိရသေးပေ။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။
လတ်တလောတွင် ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေပြီး ရခိုင်ဒေသတွင်းရှိ ဒေသခံများကို AA နှင့်ဆက်စပ်သည့်သံသယများဖြင့် ဖမ်းဆီးမှုရှိလာကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုပုဒ်မ- ၅၀၅(က)ဖြင့် အမှုဖွင့်သည်များလည်းရှိသည်။