ထောင်သုံးနှစ်ချမှတ်ခံထားရသည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်၏ အယူခံကို မတူပီခရိုင်တရားရုံးမှ လက်ခံ

ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရသည့် ပလက်ဝမြို့ခံ ကိုတင်ထွန်းအောင်၏ အယူခံလျှောက်ထားချက်ကို ယနေ့(မေလ ၁၃ ရက်)တွင် မတူပီခရိုင်တရားရုံးမှ လက်ခံလိုက်ကြောင်း မိသားစုဝင်များထံမှသိရသည်။

13 May 2022

DMG ၊ မေလ ၁၃

ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရသည့် ပလက်ဝမြို့ခံ ကိုတင်ထွန်းအောင်၏ အယူခံလျှောက်ထားချက်ကို ယနေ့(မေလ ၁၃ ရက်)တွင် မတူပီခရိုင်တရားရုံးမှ လက်ခံလိုက်ကြောင်း မိသားစုဝင်များထံမှသိရသည်။

ပလက်ဝမြို့နယ်တရားရုံးမှ ထောင်ဒဏ်သုံးနှစ်ချမှတ်ခြင်းခံထားရသည့် ကိုတင်ထွန်းအောင်၏အမှုကို ပြစ်ဒဏ်ဖြေလျော့ပေးရန်အတွက် ပြီးခဲ့သည့်(ဧပြီလ ၂၉ ရက်နေ့က) မတူပီခရိုင်တရားရုံးသို့ အယူခံ တင်ခဲ့ခြင်းဖြစ်သည်။

“ဒီအမှုနဲ့ပတ်သက်ပြီး‌တော့ တကယ့်တကယ်ကို မှန်မှန်ကန်ကန် စစ်ဆေးစေချင်ပါတယ်။ ဒီအမှုက ချသင့်တဲ့အပြစ်ဒဏ်ထက် ပိုနေတယ်လို့ ကျနော်တို့ကခံစားရပါတယ်။ အဲဒါကြောင့် ဖြေလျော့ပေးစေချင်ပါတယ်”ဟု ကိုတင်ထွန်းအောင်၏အစ်ကိုဖြစ်သူ ဦးမင်းအောင်က DMG သို့ပြောသည်။

အမှုကို မတူပီခရိုင်တရားရုံးမှ မေလ ၂၇ ရက်နေ့တွင် ချိန်းဆိုလိုက်ပြီး တရားလိုဘက်ကို ပြန်ခေါ်မည်ဖြစ်ကြောင်း သိရသည်။

ကိုတင်ထွန်းအောင်မှာ ပလက်ဝအခြေစိုက် ခမရ(၂၈၉)တပ်ရင်းတွင် အလံဖြူထောင်သည်ဟု Western News သတင်းဌာနသို့ အင်တာဗျူးဖြေဆိုခဲ့မှုကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်ဖမ်းဆီးခံရပြီး ၎င်းကို နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(က)ဖြင့် စစ်တပ်မှ ဗိုလ်ကြီး ထွန်းထွန်းနိုင်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့သည်။

အဆိုပါပုဒ်မဖြင့် ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ပလက်ဝမြို့နယ်တရားရုံးမှ ကိုတင်ထွန်းအောင်ကို ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပြီး လက်ရှိမှာ စစ်တွေအကျဉ်းထောင်၌ အကျဉ်းကျခံနေရသည်။

ကိုတင်ထွန်းအောင်ကို စစ်တွေအကျဉ်းထောင်သို့ ပြောင်းရွှေ့စဉ်ကပင် မိသားစုဝင်များမှာ ထောင်ဝင်စာ တွေ့ခွင့်မရသေးသဖြင့် နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးကိစ္စများ အခက်အခဲဖြစ်နေမည်ကို မိသားစုဝင်တို့က စိုးရိမ်နေကြသည်။

“ထောင်ဝင်စာပဲ ပေးခွင့်ရပါတယ်။ လူနဲ့တွေ့ခွင့်က အခုထိမရသေးပါဘူး။ လူချင်းတွေ့ခွင့်မရတော့ ကျန်းမာရေး အခြေအနေ၊ နေရထိုင်ရတာတွေ တစ်ခုမှမသိရတော့ မိသားစုတွေအနေနဲ့ သိပ်စိုးရိမ်တယ်”ဟု အစ်ကိုဖြစ်သူ ဦးမင်းအောင်ကပြောသည်။

ပလက်ဝအခြေစိုက် ခမရ(၂၈၉)တပ်ရင်းတွင် အလံဖြူထောင်သည်ဟု သတင်းရေးသားဖော်ပြခဲ့သော Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးတို့ကိုလည်း စစ်တပ်မှ ဗိုလ်မှူး ဘုန်းမြတ်ကျော်က တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၁၂၄(က)ဖြင့် တရားစွဲဆိုထားသည်။