- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောဒေသခံ လေးဦးကို မတရားအသင်းဆက်သွယ်မှုဖြင့် အမှုဖွင့်
မောင်တောမြို့နယ် ကရုဏာကွန်ရက်အသင်း ဥက္ကဌ ဦးချစ်ထူးခိုင်၊ ဘဏ္ဍာရေးမှုး ဦးလှသိန်း၊ မောင်တောမြို့ ကညင်တန်းရပ်ကွက်မှ ဦးညီပုနှင့် အမှတ်(၄)ရပ်ကွက်မှ KNN ရေသန့်စက်ပိုင်ရှင် ဦးထွန်းလင်းကျော် (ခ) ညီညီတို့မှာ အမှုဖွင့်ခံထားရပြီး လက်ရှိတွင် ဦးချစ်ထူးခိုင်နှင့် ဦးညီပုတို့မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
19 Oct 2022
မောင်တောမြို့မှ ဈေးတစ်ခုအား တွေ့ရစဉ်။
DMG ၊ အောက်တိုဘာ ၁၉
ရခိုင်ပြည်၊ မောင်တောမြို့မှ ဖမ်းဆီးခံထားရသူ ၂ ဦးနှင့် ထွက်ပြေးတိမ်းရှောင်နေသူ ၂ ဦးတို့ကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့တွင် မောင်တောမြို့မရဲစခန်း၌ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)၊ (၂)တို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း ကာယကံရှင်များထံမှ သိရသည်။
မောင်တောမြို့နယ် ကရုဏာကွန်ရက်အသင်း ဥက္ကဌ ဦးချစ်ထူးခိုင်၊ ဘဏ္ဍာရေးမှုး ဦးလှသိန်း၊ မောင်တောမြို့ ကညင်တန်းရပ်ကွက်မှ ဦးညီပုနှင့် အမှတ်(၄)ရပ်ကွက်မှ KNN ရေသန့်စက်ပိုင်ရှင် ဦးထွန်းလင်းကျော် (ခ) ညီညီတို့မှာ အမှုဖွင့်ခံထားရပြီး လက်ရှိတွင် ဦးချစ်ထူးခိုင်နှင့် ဦးညီပုတို့မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
“ကျွန်တော်တို့ကိုတော့ တရားခံပြေးအနေနဲ့ တရားစွဲပါတယ်။ ဖမ်းမိတဲ့နှစ်ယောက်ကိုလည်း စွဲထားတယ်လို့ သိရတယ်။ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁) (၂)နဲ့ပေါ့။ စွဲထားတာတော့ ဟုတ်ပါတယ်။ ဘယ်လိုအနေအထားတွေနဲ့ လုပ်ထားလဲဆိုတာတော့ ကျွန်တော်တို့လည်း သေချာမသိရသေးဘူး။ ဘာလို့ဆို ကျနော်လည်း ကွင်းဆက်ပြတ်နေလို့ပါ”ဟု တိမ်းရှောင်နေရသူတစ်ဦးက ပြောသည်။
ဝိမလရပ်ကွက်တွင်နေထိုင်သည့် မောင်တောမြို့နယ် ကရုဏာကွန်ယက်မှ ဘဏ္ဍာရေးမှူး ဦးလှသိန်းနှင့် မြို့မအရှေ့ရပ်ကွက်မှ KNN ရေသန့်စက်ရုံပိုင်ရှင် ဦးထွန်းလင်းကျော်(ခ)ညီညီတို့ကို မြန်မာစစ်တပ်က အောက်တိုဘာလ ၁၄ ရက်နေ့၊ ညနေပိုင်းတွင် ဖမ်းဆီးသွားခဲ့သည်။
၄င်းတို့နှစ်ဦးကိုဖမ်းဆီးပြီး အမှတ်(၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၅ )သို့ ခေါ်ဆောင်သွားကြောင်းနှင့် လက်ရှိတွင် အမှုဖွင့်ထားသည်ဟု ရဲအသိုင်းအဝိုင်းထံမှ ကြားသိရကြောင်း မြို့မအရှေ့ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး သိရှိနိုင်ရန်အတွက် မောင်တောမြို့မရဲစခန်းသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါ။ ထို့ပြင် မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပါ။
အသင်းဝင်ဖြစ်သည့် ဦးလှသိန်းဖမ်းဆီးခံရပြီးနောက် မောင်တောမြို့နယ် “ကရုဏာကွန်ယက်”ကို ယာယီပိတ်သိမ်းလိုက်ကြောင်း အဆိုပါကွန်ယက်မှ ထုတ်ပြန်ထားသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားလာပြီးနောက် ရခိုင်ဒေသတွင် မြန်မာစစ်တပ်က အသွားအလာကန့်သတ်ခြင်း၊ ဒေသခံများကို စစ်ဆေးဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်လာနေသည်ကို တွေ့ရသည်။ တစ်ဖက်တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး လက်နက်ကြီးကျည် ကျရောက်မှုကြောင့်လည်း အရပ်သားသေဆုံးမှု အရေအတွက် တိုးလာနေသည်။