မောင်တော မင်္ဂလာညွန့်ကျေးရွာအနီး လက်နက်ကြီး ပစ်သံများကြားရဟုဆို

မောင်တောမြို့နယ် မြောက်ပိုင်းရှိ မင်္ဂလာညွန့်ကျေးရွာ၏ အနောက်တောင်ဖက် ၃ မိုင်ခန့်အကွာ (ဒေသအခေါ်) မိုင်းစရီတောနှင့် ပြိုင်းတိုင်းကြားနေရာတို့တွင် ယနေ့ မွန်းလွဲ (၃) နာရီခန့်က လက်နက်ကြီးသံများ ကြားရကြောင်း ဒေသခံများထံမှ သိရသည်။

04 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၄

မောင်တောမြို့နယ် မြောက်ပိုင်းရှိ မင်္ဂလာညွန့်ကျေးရွာ၏ အနောက်တောင်ဖက် ၃ မိုင်ခန့်အကွာ (ဒေသအခေါ်) မိုင်းစရီတောနှင့် ပြိုင်းတိုင်းကြားနေရာတို့တွင် ယနေ့ မွန်းလွဲ (၃) နာရီခန့်က လက်နက်ကြီးသံများ ကြားရကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကြီးပစ်ခတ်မှုမှာ နာရီခွဲကျော်ခန့်ကြာမြင့်ခဲ့ပြီး မည့်သည်လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်ကြောင်းကို မသိရကြောင်း မင်္ဂလာညွန့်ကျေးရွာမှ ဒေသခံတစ်ဦးက DMG ကို ပြောသည်။

“ ပစ်တာကတော့ လက်နက်ကြီးတွေပါ။ အသံကတော့ တအားကျယ်တယ်။ နာရီခွဲ ကျော်ကျော် လောက်ပစ်ခတ်မူဖြစ် ပွားခဲ့တယ်။ အခုကတော့ မကြားရတော့ဘူး။ ဒီဖက်မှာ အရင်က တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ အဲဒီဖက်မှာ အာဆာတွေတော့ သွားလာလှုပ်ရှားမူတွေရှိတယ်။ အဲဒီ မိုင်းစရီတောနဲ့ နယ်ခြားစောင့်ရဲတွေရှိတဲ့ နေရာနဲ့ဆိုရင် သုံးမိုင်လောက်တော့ဝေးတယ်။ တိုက်ပွဲဖြစ်လား၊ မဖြစ်လားကိုတော့ မသိဘူး ” ဟု ဆိုသည်။

ယင်းအပြင် အဆိုပါနေရာနှင့် နီးသည့် မင်းခမောင်းကျေးရွာအနီးတွင်လည်း ထိုသို့ လက်နက် ကြီးပေါက်ကွဲသံများကြားရကြောင်း လုံခြုံရေးအရ အမည်မဖော်လို့သည့် မင်းခမောင်းရွာသူ တစ်ဦးက DMG ကို ထပ်ပြောသည်။

“ ကျွန်မတို့ ရွာကလည်း လက်နက်ကြီးသံတွေ ကြားရတယ်။ ဘယ်အဖွဲ့က ပစ်တာလဲ ဆိုတာမသိဘူး။ လက်နက်ကြီး ပေါက်ကွဲ သံတွေကြား လိုက်တယ် ” ဟု ဆိုသည်။

ထိုနည်းအတူ ယနေ့ နံနက်ပိုင်းကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာအနီး နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် ၄၅ ဝေလာတောင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားမှုမှာ နာရီဝက်ခန့်အထိကြာမြင့်ခဲ့သည်။

ယခင်က အဆိုပါ ဝေလာတောင်ကျေးရွာအနီးတွင် ARSA လက်နက်ကိုင်အဖွဲ့နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး လက်ရှိတွင် မည်သည်အဖွဲ့နှင့် ဖြစ်ပွားသည်ကို မသိရသေးကြောင်း မောင်တောလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက DMG သို့ ပြောသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား DMG က တယ်လီဖုန်း ဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဖုန်းကိုင်သူတစ်ဦးက “ လူကြီး လမ်းကြောင်းတွင်ပါနေသည် ” ဟု ဆိုကာ ဖုန်းချသွားသည်။

မောင်တောမြို့နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တို့တွင် ARSA အဖွဲ့တို့ စိမ့်ဝင်လှုပ်ရှားမှုများရှိနေပြီး မကြာခဏဆိုသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်။