မောင်တောမြို့နယ်မှ ကျောင်းထိုင်ဆရာတော် တစ်ပါးကို စရဖတပ်ဖွဲ့ဝင်များက ဖမ်းခေါ်သွား

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ရွက်ညိုတောင်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်တစ်ပါးကို ယမန်နေ့(နိုဝင်ဘာလ ၄ ရက်) ည ၁၀ နာရီခန့်တွင် စစ်ကောင်စီ၏ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

By Admin 05 Nov 2022

မောင်တောမြို့နယ်မှ ကျောင်းထိုင်ဆရာတော် တစ်ပါးကို စရဖတပ်ဖွဲ့ဝင်များက ဖမ်းခေါ်သွား

DMG ၊ နိုဝင်ဘာ ၅

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ရွက်ညိုတောင်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်တစ်ပါးကို ယမန်နေ့(နိုဝင်ဘာလ ၄ ရက်) ည ၁၀ နာရီခန့်တွင် စစ်ကောင်စီ၏ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဆရာတော်မှာ ရွက်ညိုတောင်ကျေးရွာမှ ကျောင်းထိုင်ဆရာတော် သက်တော်(၄၀)ကျော်အရွယ် ဦးပညာသီရိ ဖြစ်သည်။

မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်ရှိ မြို့မဘုန်းကြီးကျောင်းတွင်ကျင်းပသည့် ပဋ္ဌာန်းပွဲ ဒုတိယမြောက်နေ့ ပဋ္ဌာန်းရွတ်အပြီးတွင် ယင်းကျောင်းထဲမှနေ၍ ဆရာတော် ဦးပညာသီရိကို စရဖတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မောင်တောဒေသခံတစ်ဦးက DMG သို့ပြောသည်။

“ဆရာတော်က မြို့မဘုန်းကြီးကျောင်းမှာ ပဌာန်းပွဲရှိတဲ့အတွက် ကြွလာတာ။ မနေ့က ပဌာန်းပွဲ ဒုတိယနေ့မှာ ပဌာန်းရွတ်အပြီးမှာ ဘုန်းကြီးကျောင်းကနေပြီးတော့ စရဖတပ်သားတွေ ဖမ်းသွားတာ။ ဆရာတော်ကို ဘာဖြစ်လို့ ဖမ်းသွားလည်းဆိုတာတော့ ကျနော်တို့လည်းမသိသေးဘူး။ သူတို့(စရဖ) ပြောတာကတော့ စစ်ဆေးစရာရှိတယ်၊ စစ်ဆေးပြီးရင် ပြန်လွှတ်ပေးမယ်ဆိုပြီးတော့ ဖမ်းသွားတာလို့ သိရတယ်။ အခု ဘယ်နေရာမှာ ထိန်းသိမ်းထားလည်းဆိုတာတော့ သတင်းမကြားရသေးဘူး”ဟု ၎င်းကဆိုသည်။

မောင်တောမြို့ပေါ်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့များက မြို့ကိုပတ်ကာ ကင်းလှည့်မှုများရှိပြီး မြို့ခံများကိုလည်း စစ်ဆေးမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

မောင်တောမြို့မှ ရပ်မိ/ရပ်ဖတစ်ဦးက “သူတို့ (စစ်ကောင်စီတပ်ဖွဲ့)က နေ့တိုင်း မြို့ကိုပတ်ပြီးတော့ ကင်းလှည့်တယ်။ နောက်ပြီးတော့ ဆိုင်ကယ်တွေ စစ်ဆေးတယ်။ ဖုန်းတွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ အခုဆိုရင် အရပ်သားပြည်သူတွေကို ဖမ်းဆီးတောင်မကဘူး။ ဘုန်းကြီးတွေကိုပါ ဖမ်းလာတယ်ဆိုတော့ ဒေသခံတွေအနေနဲ့ ပိုပြီးတော့ကြောက်လန့်သွားတာပေါ့။ ဒါတွေဟာ ပြည်သူလူထုတွေကို ကြောက်လန့်အောင် တမင်တကာလုပ်ဆောင်နေတာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ရွက်ညိုတောင်ဆရာတော်အား စရဖတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ထိုသို့ဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက “မြန်မာစစ်တပ်ဖက်က ပြည်သူတွေကို ဒုက္ခပေးပြီးတော့ ULA/AA နဲ့ ကင်းကွာသွားအောင်၊ ULA/AA ကြောင့် ဒုက္ခရောက်တယ်ပုံစံမျိုး သဘောထားတွေပြောင်းလဲသွားအောင် ကြိုးစားဆောင်ရွက်နေတာဖြစ်တယ်”ဟု ဝေဖန်သည်။

ယင်းအပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း မြန်မာစစ်တပ်က မြောက်ဦးမြို့ရှိ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းသို့ ဝင်ရောက်လာကာ မြတန်ဆောင်းဆရာတော်အား လိုက်လံရှာဖွေမှုများ ပြုလုပ်ခဲ့သေးသည်။