မောင်တောမြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့်နေကြ

မောင်တောမြို့နယ်မြောက်ပိုင်း တရိမ်းကျေးရွာနှင့် မြဝတီကျေးရွာအနီးရှိ တောင်ပြိုကားလမ်းအနီးတွင် ယနေ့(ဇူလိုင်လ ၁၈ ရက်) နံနက် ၁၀ နာရီကျော်ခန့်က မြန်မာစစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့တစ်ခုကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

18 Jul 2022

DMG ၊ ဇူလိုင် ၁၈

မောင်တောမြို့နယ်မြောက်ပိုင်း တရိမ်းကျေးရွာနှင့် မြဝတီကျေးရွာအနီးရှိ တောင်ပြိုကားလမ်းအနီးတွင် ယနေ့(ဇူလိုင်လ ၁၈ ရက်) နံနက် ၁၀ နာရီကျော်ခန့်က မြန်မာစစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့တစ်ခုကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

DMG မှဆက်သွယ်ခဲ့သည့် နံနက် ၁၁ နာရီအထိ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်၍ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မြဝတီကျေးရွာမှ မသန်းသန်းဝင်းကပြောသည်။

“သေနတ်ပစ်သံတွေ တောက်လျှောက်ကြားနေရတယ်။ အခုအချိန်ထိပဲ။ ရွာသားတွေကစိုးရိမ်လို့ အကုန်လုံး စာသင်ကျောင်းမှာ စုနေကြတယ်။ ရွာသားတွေကလည်း လုံးဝကြောက်လန့်နေကြတယ်။ ဘယ်ကို ပြေးရမှန်းမသိဖြစ်နေကြတယ်”ဟု သူကပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့်နေရာမှာ မောင်တောမြို့နယ် မြဝတီကျေးရွာမှ ခြေလျင်သွားလျှင် ၁၅ မိနစ်ခန့်သာရှိသည့်အတွက် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်၍ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။ ထွက်ပြေးတိမ်းရှောင်နေကြရသည့် မြဝတီကျေးရွာတွင် အိမ်ထောင်စု ၆၀ နှင့် လူဦးရေ(၁၀၀)ခန့်ရှိသည်။

တရိန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိမ်စိုးမောင်က “ပစ်ခတ်သံကြားတာက တရိန်းမြိုရွာတောင်ဘက်က တောင်ပြိုကားလမ်းနားမှာကြားတယ်။ ပစ်သတ်သံကြားတဲ့အတွက် အခုအပြင်တောင်မှ မထွက်ရဲကြဘူး။ အလုပ်လုပ်ဖို့သွားတဲ့သူတွေ အကုန်လုံးပြန်လာကြတယ်”ဟု သူကပြောသည်။

အဆိုပါတိုက်ပွဲမှာ မြန်မာစစ်တပ်နှင့် ARSA တို့အကြား ဖြစ်ပွားနေခြင်းဟု ဒေသခံတစ်ချို့က ပြောကြသော်လည်း DMG အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ အဆိုပါ အနီးပတ်ဝန်းကျင်တွင် မြန်မာစစ်တပ်၊ ရက္ခိုင့်တပ်တော်(AA)၊ ARSA  လက်နက်ကိုင်အဖွဲ့တို့ လှုပ်ရှားမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး သိရှိနိုင်ရန်အတွက် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။