AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် ကျောက်ဖြူဒေသခံနှစ်ဦးအမှု တရားလိုဖက်မှ ရုံးချိန်း(၈)ကြိမ်အထိ ပျက်ကွက်

အမှုတွင် တရားလိုဘက်က ရုံးချိန်းဆက်တိုက် ပျက်ကွက်နေသောကြောင့် စွပ်စွဲခံရသူများမှာ နစ်နာမှုရှိနေသည့်အပြင် ၄င်းတို့၏ မိသားစုဝင်များမှာလည်း ငွေကြေးနှင့်အချိန်ကုန်မှုများ ရှိနေသည်

By Admin 22 Oct 2022

AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် ကျောက်ဖြူဒေသခံနှစ်ဦးအမှု တရားလိုဖက်မှ ရုံးချိန်း(၈)ကြိမ်အထိ ပျက်ကွက်

ကျောက်ဖြူမြို့မရဲစခန်းကို တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၂၂

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ကျောက်ဖြူမြို့နယ်၊ မူရွင်းကျေးရွာမှ ဒေသခံ(၂)ဦး၏အမှုတွင် တရားလိုဖက်က မလာရောက်သောကြောင့် ရုံးချိန်းရွှေ့ဆိုင်းနေရသည်မှာ (၈)ကြိမ်အထိရှိလာသည်ဟု သိရသည်။

ဇွန်လ ၂၄ ရက်နေ့က ဖမ်းဆီးပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် ကိုစိုင်းဝဏ္ဏားကျော်နှင့် တက္ကသိုလ်ကျောင်းသား မောင်ထွန်းထွန်းဇော်တို့၏ အမှုတွင် တရားလိုဘက်မှ လုံခြုံရေး အကြောင်းပြကာ ပျက်ကွက်နေခြင်းဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့ ရုံးချိန်းတွင်လည်း တရားလိုရောက်မလာခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဒေါ်သန္တာကဆိုသည်။

“တရားလိုက လုံခြုံရေးအခြေအနေကြောင့် မလာနိုင်ဘူးလို့ပြောတယ်။ အဲဒါကြောင့် အမှုကို စစ်ဆေးတာ မလုပ်ခဲ့ရဘူးပေါ့။ နောက်ထပ်ရုံးချိန်းကတော့ အောက်တိုဘာ(၂၈)ရက်နေ့ကို ထပ်ချိန်းထားပါတယ်။ ဒီတစ်ခေါက် ရုံးချိန်းမှာတော့ အမှုကို စပြီးစစ်ဆေးလို့ရအောင် လိုပြသက်သေထဲက လူတွေကိုခေါ်ထားတယ်”ဟု ၎င်းကပြောသည်။

၄င်းတို့နှစ်ဦးကို စနဲမြို့ရဲစခန်းမှ စခန်းမှူး ဝင်းဇော်ထွန်းက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး အမှုအားစစ်ဆေးရန် တရားလိုရောက်မလာသဖြင့် ဖမ်းဆီးခံပြည်သူများအနေဖြင့် နစ်နာမှုရှိကြောင်း ကိုစိုင်းဝဏ္ဏကျော်၏ အစ်ကိုဖြစ်သူကဆိုသည်။

“သူတို့ မလာတာကတော့ လုံခြုံရေးအခြေအနေကြောင့်လို့ ပြောတာပေါ့။ အမှုကိုက အမြန်စစ်စေချင်တယ်။ အပြစ်မရှိဘူးဆိုရင်လည်း အမြန်ပြန်လွှတ်ပေးစေချင်တယ်။ အခုရုံးချိန်း ခဏခဏပျက်တော့ ကျနော်တို့ဖက်ကလည်း ငွေကုန်ကျမှုတွေ၊ အချိန်ကုန်မှုတွေ ဖြစ်နေတယ်”ဟု သူကဆိုသည်။

ဖမ်းဆီးခံရသူ(၂)ဦးအနက် အသက်(၂၀)အရွယ် မောင်ထွန်းထွန်းဇော်မှာ ယခုနှစ် တက္ကသိုလ်ကျောင်း တက်ရောက်ရန် ပြင်ဆင်ထားသူဖြစ်ပြီး ယခုကဲ့သို့ စွပ်စွဲခံရပြီး တရားစွဲဆိုခံထားရသည့်အတွက် ကျောင်းသားတစ်ဦးအနေဖြင့် နစ်နာမှုရှိနေကြောင်း မိသားစုဝင်များကပြောသည်။

ထို့ပြင် ရက္ခိုင်တပ်တော် (AA)နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့မှ သွားဆရာဝန် ဒေါက်တာ ကျော်သူရထွန်း အမှုကိုလည်း အောက်တိုဘာလ (၂၁)ရက်နေ့က ရုံးထုတ်ခဲ့သော်လည်း တရားလိုဖက်မှ ရုံးချိန်းပျက်ကွက်ခဲ့သည်။