- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြောက်ဦးမြို့မှ ညီအစ်ကိုနှစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ ကိုသန်းထွန်းနှင့် အစ်ကိုဖြစ်သူ ကိုကျော်သန်းနိုင်တို့ကို ယနေ့(စက်တင်ဘာလ ၂၅ ရက်) နံနက် ၉ နာရီခန့်တွင် မြန်မာစစ်တပ်က လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။
25 Sep 2022
DMG ၊ စက်တင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ ကိုသန်းထွန်းနှင့် အစ်ကိုဖြစ်သူ ကိုကျော်သန်းနိုင်တို့ကို ယနေ့(စက်တင်ဘာလ ၂၅ ရက်) နံနက် ၉ နာရီခန့်တွင် မြန်မာစစ်တပ်က လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် ကိုသန်းထွန်းနှင့် အကိုဖြစ်သူ ကိုကျော်သန်းနိုင် တို့မှာ ကံလှရပ်ကွက်နှင့် တောင်ရပ်ရပ်ကွက်တို့၌ "ကျော်"အမည်ဖြင့် စက်ပစ္စည်းအရောင်းဆိုင်ဖွင့်လှစ်ထားသည်။ ယနေ့နံနက်ပိုင်းက စစ်တပ်က ဆိုင်သို့လာရောက်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု နီးစပ်ရာဒေသခံများကပြောသည်။
မြောက်ဦးမြို့ခံတစ်ဦးက "ကျနော်တို့ကို အနီးအနားကလူတွေ ဖုန်းဆက်အကြောင်းကြားလာတာကတော့ ညီအစ်ကိုနှစ်ယောက်စလုံးကို ကံလှရပ်ကွက်က ဆိုင်မှာရှိနေတုန်း စစ်တပ်က ဝင်ဖမ်းသွားတာလို့သိရတယ်။ ဘာကြောင့် ဖမ်းသွားတာလဲဆိုတာကိုတော့ ကျနော်တို့လည်းမသိသေးပါဘူး"ဟု ပြောသည်။
ကိုသန်းထွန်းမှာ မြောက်ဦးမြို့၊ ဝါဈေးရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်းတို့ဖမ်းဆီးခံရသည့်အကြောင်းရင်းကို အုပ်ချုပ်ရေးမှူးမှာ ခရီးလွန်နေ၍ အသေးစိတ်မသိရှိသေးကြာင်းပြောသည်။ ကိုသန်းထွန်းသည် လူမှုကူညီရေးလုပ်ငန်းများကို လုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်သည်။
ကိုသန်းထွန်း၏ မိသားစုဝင်တစ်ဦးက "ဆိုင်ကပစ္စည်းတွေ အကုန်ချခင်းပြီး ရောင်းနေတာမျိုးမဟုတ်ပါဘူး။ ဒီအတိုင်း ဆိုင်ကိုပိတ်ထားပြီး လာဝယ်တဲ့သူရှိရင်ရောင်းပေးနေတာ။ သူတို့ညီအစ်ကိုက ဆိုင်မှာစောင့်အိပ်တယ်။ ဒီနေ့လည်း ကိုသန်းထွန်းကို ဆိုင်မှာရှိနေတုန်း လက်ထိပ်ခတ်ပြီးခေါ်သွားတယ်။ အကိုဖြစ်သူကိုကျတော့ ဆိုင်ကနေမလှမ်းမကမ်းမှာ ထမင်းချိုင့်ယူဖို့သွားနေတုန်း ကံလှတံတားနားက ဖမ်းသွားတာပါ။ ဘယ်တပ်ရင်းကိုခေါ်သွားမှန်းမသိဘူး။ မိသားစုတွေလည်း တပ်ရင်းတွေဆီ စုံစမ်းဖို့ လိုက်သွားကြပါတယ်"ဟု ဆိုသည်။
ယခုဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းအား DMG က ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
စက်တင်ဘာလ ၄ ရက်နေ့ကလည်း မြန်မာစစ်တပ်သည် မြောက်ဦးဒေသခံတစ်ဦးဖြစ်သည့် ကိုရင်ဆို့(ခ)ကျော်ဇံဝေကို နေအိမ်မှဖမ်းဆီးသွားခဲ့ပြီး CRPH/NUG တို့နှင့် ဆက်စပ်သည်ဟုဆိုကာ အမှုဖွင့်ခဲ့သဖြင် တရားရင်ဆိုင်နေရသည်။