- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြောက်ဦးမြို့လယ်ရှိ လမ်းပျက်စီးနေမှုကို ကျောက်၊ သဲများနှင့်သာ ပြုပြင်နေမှုအပေါ် ဒေသခံများဝေဖန်
UNESCO စာရင်းဝင်ရန်ကြိုးပမ်းနေသည့် မြောက်ဦးမြို့၌ မြို့လယ်လမ်းများပျက်စီးနေမှုကို စည်ပင်မှ ကျောက်၊ သဲများနှင့်သာပြုပြင်နေမှုအပေါ် ဒေသခံများ ဝေဖန်ပြောဆိုကြသည်။
28 Sep 2021
DMG ၊ စက်တင်ဘာ ၂၈
UNESCO စာရင်းဝင်ရန်ကြိုးပမ်းနေသည့် မြောက်ဦးမြို့၌ မြို့လယ်လမ်းများပျက်စီးနေမှုကို စည်ပင်မှ ကျောက်၊ သဲများနှင့်သာပြုပြင်နေမှုအပေါ် ဒေသခံများ ဝေဖန်ပြောဆိုကြသည်။
မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်ရှိ လူသွားလူလာများသည့်လမ်းသည် ချိုင့်ခွက်များဖြင့်ပျက်စီးနေပြီး ယင်းသို့ပျက်စီးနေမှုများကို စက်တင်ဘာ ၂၇ ရက်နေ့တွင် စည်ပင်မှ ကျောက်၊သဲများဖြင့် ပြုပြင်ပေးခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရွံ့နစ်များဖြစ်သွားခဲ့ကာ ဒေသခံများသွားလာရန် အဆင်မပြေဖြစ်နေကြောင်း သိရသည်။
မြောက်ဦးလူငယ်များအစည်းအရုံးဥက္ကဋ္ဌ ကိုခိုင်မင်းသျှင်က “မြောက်ဦးမှာ လမ်းတွေကပျက်စီးနေတာကြာပြီ။ အဲဒါကိုလုပ်လည်းမလုပ်ပေးကြဘူး။ မနေ့ကစလို့လုပ်တယ်။ အင်းခွက်၊ ချိုင့်ခွက်တွေကို လမ်းဖာပေးကြတယ်။ အုတ်ပိုင်းတွေနဲ့ လုပ်ပေးကြတယ်။ နယ်ဖက်တွေမှာပဲ အဲဒီလို လမ်းဖာပေးလို့အဆင်ပြေတာပါ။ ဒီလိုမြို့ပေါ်တွေမှာလုပ်ရင်တော့ အဆင်မပြေဘူးလို့ ကျနော်တို့မြင်ပါတယ်။ ဈေးကြီးအနီးကလမ်းဆိုရင် ဒီနေ့မနက်ပိုင်းမှာ ရွံ့အိုင်တွေဖြစ်နေပြီ။ လူသွားလူလာလည်း အရမ်းများတော့ ရွံအိုင်တွေဖြစ်သွားတာပေါ့“ဟု ပြောသည်။
မြောက်ဦးမြို့မဈေးအနီး ပေ ၃၀၀ ခန့်ရှိသည့်လမ်းမှာ ရွံ့အိုင်များနှင့်ဗွက်ထနေပြီး အမည်မသိလူတစုမှ ယင်းကဲ့သို့ လမ်းပြုပြင်မှုကို လှောင်ပြောင်ကာ ရွံ့အိုင်ထနေသည့်လမ်းပေါ်တွင် အပင်များ စိုက်ပျိုးထားခဲ့သည်ကိုလည်း တွေ့ရသည်။
အဆိုပါလမ်းတွင် ချိုင့်ခွက်ကြီးများဖြစ်နေပြီး လမ်းသွား၊ လမ်းလာသူများအတွက် စိတ်အနှောင့်အယှက်ဖြစ်သလို ချိုင့်ခွက်များကြောင့် ဆိုင်ကယ်မတော်တဆမှုများလည်း ရံဖန်ရံခါဖြစ်ပွားမှုရှိသည်ဟု မြောက်ဦးမြို့ဒေသခံ ကိုရင်ဆို့ကပြောသည်။
“ကျနော့်အမြင်ကတော့ ခေါင်းမရှိဘူးကြလို့ပဲမြင်တယ်။ အင်း၊ ချိုင့်တွေမှာ ကျောက်၊သဲနဲ့မြေဖို့လိုက်တော့ ရွံ့ကျွံမှာပေါ့။ ဒီလိုဖြစ်မယ်ဆိုတာကို သူတို့မတွေးမိဘူးလားတော့မသိဘူး။ မသင့်တော်ဘူးလို့ပဲထင်တယ်။ လုပ်ပေးရင်လည်း အကောင်းဖြစ်အောင်လုပ်ပေးစေချင်ပါတယ်။ အင်း၊ ချိုင့်တွေကိုရှောင်ပြီးတော့သွားရင်း အရင်တပတ်လောက်က အဖိုးအိုတစ်ယောက်တောင်ဆိုင်ကယ်မှောက်သွားသေးတယ်“ဟု ၎င်းကဆိုသည်။
မြောက်ဦးမြို့ရှိလမ်းများမှာ နွေရာသီတွင်ဖုန်ထပြီး မိုးရာသီရောက်လျှင် ရွံ့ကျွံသည့်အတွက် ကတ်တရာလမ်းများခင်းပေးရန်လိုအပ်ကြောင်း Media မှတဆင့် သက်ဆိုင်ရာအစိုးရထံကို တောင်းဆိုသည်ဟုလည်း ဒေသခံများကပြောဆိုသည်။
မြောက်ဦးမြို့တွင် ပျက်စီးနေသည့်လမ်းများရှိ ချိုင့်ခွက်များတွင် လမ်းသွားလမ်းလာအဆင်ပြေစေရန်အတွက် ကျောက်၊ သဲများဖြင့် ယာယီလုပ်ပေးခြင်းသာဖြစ်သည်ဟု မြောက်ဦးမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူက DMG သို့ပြောကြားသည်။
“ကျနော်တို့က လမ်းတွေအကုန်လုံးပေါက်နေတယ်။ မြင်မကောင်းဘူးဆိုပြီး လမ်းသွား၊လမ်းလာအဆင်ပြေဖို့အတွက် စေတနာနဲ့ယာယီလုပ်ပေးတာပါ။ မိုးရွာသွားပြီး စနစ်တကျမဖြစ်လိုက်တာ။ အခုလည်း ပြန်လုပ်ခိုင်းထားပါတယ်။ အောက်ကသဲခင်းပြီး အပေါ်က သဲခင်းတဲ့ပုံစံမျိုးပဲ။ စေတနာနဲ့လုပ်ပေးတာက ဝေဒနာဖြစ်သွားတယ်”ဟု ယင်းတာဝန်ရှိသူက ဆိုသည်။
မြောက်ဦးမြို့ လမ်းများအား ကတ္တရာလမ်းပြုပြင်ရန်အတွက် နောက်နှစ်ဘတ်ဂျက်တွင်ပါဝင်ကြောင်း အဆိုပါတာဝန်ရှိသူ၏ပြောကြားချက်အရ သိရသည်။