စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် မြောက်ဦးဒေသခံအချို့ ပြန်လွတ်

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ သံသယဖြင့်ဖမ်းဆီးခံရမှု ဆက်လက်မြင့်တက်လာနေသည်။

08 Oct 2022

မြောက်ဦးမြို့တစ်နေရာအား တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၈

မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့၏ ဖမ်းဆီးခေါင်ဆောင်မှုကိုခံခဲ့ရသည့် မြောက်ဦးမြို့မှ ဒေသခံအချို့မှာ ပြန်လည်လွတ်မြောက်လာကြပြီဖြစ်ကြောင်း ကာယကံရှင်များနှင့် မိသားစုဝင်များက DMG သို့ပြောသည်။

အောက်တိုဘာ ၆ ရက်နေ့က ဖမ်းဆီးခေါင်ဆောင်ခံခဲ့ရသည့် မြောက်ဦးမြို့ ရတနာပါလ နာရေးကူညီမှုဖောင်ဒေးရှင်းမှ (ကားအသင်းဥက္ကဌ) ဦးကျော်ညွန့်(၅၄ နှစ်)မှာ ယမန်နေ့ (အောက်တိုဘာလ ၇ ရက်) ည ၈ နာရီကျော်ခန့်တွင် ပြန်လွတ်လာကြောင်း ကာယကံရှင်ကပြောသည်။

“မနေ့က ည ၈ နာရီလောက်မှာ အိမ်ကိုပြန်ပို့လာပါတယ်။ ဘယ်နေရာကို ခေါ်သွားလဲဆိုတာတော့ မျက်နှာဖုံးစွပ်ထားတဲ့အတွက် ကျနော်လည်းမသိဘူး။ သူတို့ကမေးတယ်။ AA ကို ငွေကြေးထောက်ပံ့မှုရှိလား။ ဆက်စပ်မှု ရှိလာဆိုပြီးတော့ စစ်ဆေးတယ်။ ကျနော်က AA နဲ့ ဆက်စပ်မှုမရှိဘူး၊ ကျနော်တို့က ပရဟိတ လုပ်နေတာပါလို့ပြောလိုက်တယ်”ဟု ပြန်လွတ်လာသည့် ဦးကျော်ညွန့်က DMG သို့ပြောသည်။

အလားတူ စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် မြောက်ဦးမြို့မှ လူမှုကူညီရေးလုပ်ငန်းများ လုပ်ကိုင်နေသူ ကိုသန်းထွန်းနှင့် အစ်ကိုဖြစ်သူ ကိုကျော်သန်းနိုင်တို့မှာလည်း (အောက်တိုဘာလ ၇ ရက်) ည ၈ နာရီခန့်တွင် ပြန်လွတ်လာကြောင်း မိသားစုဝင်များထံမှ သိရသည်။

“မနေ့က သူတို့နှစ်ယောက်လည်း ပြန်လွတ်လာတယ်။ ည ၈ နာရီလောက်မှာ ပြန်လွတ်လာတယ်။ ဘာတွေ စစ်ဆေးလည်းဆိုတာတော့ ကျနော်လည်း မသိဘူး။ ပြန်လွတ်လာတာတော့ ဟုတ်ပါတယ်”ဟု မိသားစုဝင် တစ်ဦးကပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၃ ရက်နေ့ကလည်း မြောက်ဦးမြို့မဈေးကြီးတွင် ဆေးဆိုင်ဖွင့်လှစ်ရောင်းချနေသည့် ရတနာပါလ နာရေးကူညီမှုဖောင်ဒေးရှင်းမှ ဦးကျော်ကို မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ပြီး အောက်တိုဘာ ၄ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

DMG မှ ကောက်ယူထားသည့်စာရင်းအရ ရခိုင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ် ဇွန်လမှ စက်တင်ဘာလ ၂၁ ရက်နေ့အထိ သုံးလကျော်အတွင်း မြန်မာစစ်တပ်က သံသယဖြင့်ဖမ်းဆီးခဲ့သူ ၁၄၀ ဦးအထိရှိပြီး ယင်းအထဲမှ ပြန်လွတ်လာသူအချို့ရှိသော်လည်း မလွတ်မြောက်သေးသူ အများအပြား ကျန်ရှိနေသေးသည်။

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ င/ပသုန်တိုက်နယ်ဆေးရုံမှ အသက်(၃၇)အရွယ် ဒေါက်တာ ဝင်းနိုင်စိုးကို စစ်ကောင်စီမှ စက်တင်ဘာလ ၂၇ ရက်နေ့တွင်ဖမ်းဆီးကာ တစ်ပတ်ကျော်ကြာစစ်ဆေးပြီးနောက် အောက်တိုဘာလ ၅ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

စစ်ကောင်စီက သံသယဖြင့် ဖမ်းဆီးခံရသူများထဲတွင် ဒေသခံများအပါအဝင် ပရဟိတလုပ်ကိုင်နေသူများ၊ ဌာနဆိုင်ရာဝန်ထမ်းအချို့လည်း ပါဝင်နေသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့က သင်္ဂဟကမ်းလက်ရက္ခိတအသင်း ဥက္ကဌ ကိုအမ်းသားကြီး (ခ) ကိုသန်းရွှေကို မြောက်ဦးမြို့အဝင်ရှိ ခလရ ၅၄၀ တပ်ရင်းမှ ဖမ်းဆီးရန်ကြိုးပမ်းခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့သည်။ လက်ရှိတွင် မြောက်ဦးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က)ဖြင့် ၎င်းကို အမှုဖွင့်ထားသည်။

ရခိုင်ပြည်အတွင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ သံသယဖြင့်ဖမ်းဆီးခံရမှု ဆက်လက်မြင့်တက်လာနေသည်။