- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြောက်ဦးတွင် ၁၁ ကြိမ်မြောက်အကျွတ်အလွတ်ကထိန်ပွဲတော်ကို မြောက်ဦးဆရာတော်ဦးဆောင်ပြုလုပ်
မြောက်ဦးမြို့တွင် ရတနာပါလနာရေးကူညီမှုအသင်း၌ မြောက်ဦးဆရာတော်မှဦးဆောင်၍ မကျွတ်မလွတ်သေးသည့်သတ္တဝါများအတွက် ၁၁ ကြိမ်မြောက် အကျွတ်အလွတ်ကထိန်အလှူမင်္ဂလာပွဲတော်ကို နိုဝင်ဘာ ၁၃၊ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
14 Nov 2021
DMG ၊ နိုဝင်ဘာ ၁၅
မြောက်ဦးမြို့တွင် ရတနာပါလနာရေးကူညီမှုအသင်း၌ မြောက်ဦးဆရာတော်မှဦးဆောင်၍ မကျွတ်မလွတ်သေးသည့်သတ္တဝါများအတွက် ၁၁ ကြိမ်မြောက် အကျွတ်အလွတ်ကထိန်အလှူမင်္ဂလာပွဲတော်ကို နိုဝင်ဘာ ၁၃၊ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၃ ရက်နေ့ ည ၆ နာရီမှာ မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒနှင့် သြဝါဒသဆရာတော် ၉ ပါးတို့မှ မြောက်ဦးမင်းသားကျွန်းသုသာန်တွင် ဒေသခံ ၂၀၀ ကျော်ခန့်ဖြင့် မကျွတ်မလွတ်သေးသည့်သတ္တဝါများကို မေတ္တာပို့တရားနာခဲ့သည်။ အမျှတရားတော်နာပြီးနောက် ထိုသတ္တဝါများအား အစားအသောက်များလည်း ကျွေးခဲ့သည်ဟု သိရသည်။
နိုဝင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းတွင် နာရေးကူညီမှုရုံးမှာ လူဦးရေ ၃၀၀ ကျော်ဖြင့် ကထိန်သင်္ကန်းကပ်ခဲ့သည်ဟုလည်း မြောက်ဦးရတနာပါလနာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးကျော်ကျော်ကပြောသည်။
“သက်ရှိသတ္တဝါတွေမဟုတ်ပဲ သက်ရှိထင်ရှားမရှိတော့တဲ့ ၃၁ ဘုံမှ မကျွတ်မလွတ်သေးတဲ့သတ္တဝါတွေကို ကျွတ်လွတ်အောင်အတွက် တရားတွေကိုနာကြားပြီးတော့ မေတ္တာပို့တယ်။ အဲဒီနေရာကနေ ကျွတ်လွတ်သွားအောင်ပေါ့နော်“ဟု ဆိုသည်။
အလှူတော်ပွဲပြီးဆုံးပြီးနောက် ရိုးရာချောတိုင်တက်ပွဲနှင့် စတုဒီသာအကျွေးအမွေးများကို ကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ယင်းကဲ့သို့ အလွတ်အကျွတ်ကထိန်လုပ်ဆောင်ပေးသည့်အပေါ် မြောက်ဦးလူငယ်များအစည်းအရုံးမှ အဖွဲ့ဝင် ကိုသန်းစိုးက “အခုလိုမျိုးလုပ်ဆောင်တဲ့အပေါ်မှာ ကျနော်တို့အနေနဲ့တော့ အများကြီးဝမ်းသာပါတယ်။ မြို့ဂုဏ်သိက္ခာအနေနဲ့ကော မြို့ပေါ်ဒေသခံတွေအနေနဲ့ကော အရမ်းဝမ်းသာစရာဖြစ်ပါတယ်။ မြောက်ဦးဆရာတော်အနေနဲ့ကော ကျနော်တို့မြောက်ဦးမြို့မှာ သာရေး၊နာရေးအတွက် အကုန်လုံးလုပ်ဆောင်ပေးတဲ့အပေါ်မှာလည်း ဝမ်းသာစရာဖြစ်တယ်“ဟု ဆိုသည်။
အဆိုပါ အကျွတ်အလွတ်ပွဲတော်ကို မြောက်ဦးမြို့တွင် နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိကြောင်း သိရသည်။