- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်တော်နှင့် ပုဏ္ဏားကျွန်းတွင် ဖမ်းဆီးခံထားရသူများနှင့် အဆက်အသွယ်မရသောကြောင့် မိသားစုဝင်များ စိုးရိမ်နေ
မြန်မာစစ်တပ်က ဖမ်းဆီးထားသော ကျောက်တော်မြို့၊ ပုဏ္ဏားကျွန်းမြို့နယ်တို့မှ ဒေသခံများနှင့် အဆက် အသွယ်မရရှိသေးအပြင် သတင်းအစအနလည်း လုံးဝမရသောကြောင့် မိသားစုဝင်များ အလွန်စိုးရိမ်နေကြသည်။
27 Jun 2022
DMG ၊ ဇွန် ၂၇
မြန်မာစစ်တပ်က ဖမ်းဆီးထားသော ကျောက်တော်မြို့၊ ပုဏ္ဏားကျွန်းမြို့နယ်တို့မှ ဒေသခံများနှင့် အဆက် အသွယ်မရရှိသေးအပြင် သတင်းအစအနလည်း လုံးဝမရသောကြောင့် မိသားစုဝင်များ အလွန်စိုးရိမ်နေကြသည်။
ကျောက်တော်မြို့တွင် ဇွန်လ ၂၁ ရက်နေ့က ဖမ်းဆီးခံရသူများမှာ ပြည်တော်သာ ရပ်ကွက်မှ ကိုဇော်ဝင်း(ခ) လူထု ဇော်ဝင်း၊ ပန်းဖဲချောင်းကျေးရွာမှ ကိုဇော်မင်းထက် (၂၇ နှစ်)၊ ခေါင်းတုတ်ကျေးရွာမှ ဦးကျော်သန်းမောင်(၄၁ နှစ်) တို့ဖြစ်သည်။
၎င်းတို့ကို တွေ့ခွင့်ရရှိရန်အတွက် မြန်မာစစ်တပ်စခန်းများ၊ရဲစခန်းနှင့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်စုံ စမ်းခဲ့သော်လည်း မည်သည့်အကြောင်းအရာမျှ မသိရှိရခဲ့ဟု မိသားစုဝင်များက ပြောကြသည်။
“ကျမတို့ စိုးရိမ်ကြောင့်ကြ ရပါတယ်။ ဘယ်လိုမှ အဆက်အသွယ်လည်း မရဘူး။မေးမြန်းစုံစမ်းလို့လည်း မရပါဘူး။အမေဆိုရင် သား ကြောင့် နဲ့ စိတ်ဓာတ်ကျပြီးမအိပ်နိုင်၊ မစားနိုင်ထလို့တောင်မရောက်တော့ဘူး။ ကျမတို့လည်း အဲလိုပါပဲ။သိပ် စိုးရိမ် ပူပန်နေရပါတယ်။ ဒီနေ့ ဆိုရင် ၇ ရက် ရှိပါပြီ။ ဘယ်လိုပုံစံ ရှိပြီး ဘယ်လို ဖြစ်နေမလဲ ဆိုပြီး စိုးရိမ်ရပါတယ်” ဟု ကိုဇော်မင်းထက်၏ မိသားစုဝင်တစ်ဦး ကပြောသည်။
အလားတူ ကိုဇော်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်လှဇံကလည်း ၎င်းနှင့်လက်ရှိအချိန်ထိ အဆက်အသွယ်မရသေး ကြောင်း၊၎င်းကို ဇွန်လ ၂၈ ရက်နေ့တွင် ရုံးထုတ်မည်ဟု သတင်းထွက်ပေါ်နေသော်လည်း မိသားစုကို အကြောင်း ကြားလာခြင်းမျိုးမရှိသေးဟု ပြောဆိုသည်။
ကိုဇော်ဝင်းသည် ကျန်းမာရေးချို့တဲ့သူတစ်ဦးဖြစ်ပြီး အစားအစာပုံမှန်မစားလျှင် ခန္ဓာကိုယ်များ တုန်နေတတ်ပြီး အရေပေါ်တွင် အနီကွက်များပေါ်တတ်သဖြင့် ၎င်း၏ ကျန်းမာရေးအခြေအနေများနှင့်ပတ်သက်ပြီး စိုးရိမ်ရသည် ဟု ဒေါ်ခင်လှဇံက ဆက်လက်ပြောသည်။
“သူကအစာအငတ်မခံနိုင်တာတွေခန္ဓာတွေ တုန်တာတို့၊ ပြီးရင် အရေပြားပေါ် အနီကွက်ပေါ်တာ တို့ဖြစ်တတ် တယ်လေ။ ကြမ်းပြင်ပေါ်နေရင်ခေါင်းလေးတာတို့၊ အိမ်မှာနေရင်လည်း မအိပ်နိုင်ဘူး။ အိမ်မှာဆိုရင် ကုတင်ပေါ် အထည်တွေ အထပ်ထပ်ထားပြီးနေရတာ။ အခု ဘယ်လို ပုံစံမျိုးနေနေရမလဲ ကျမလည်း စဉ်းစား လို့တောင် မရ ဘူး”ဟု ၎င်းကဆိုသည်။
အလားတူ ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖမ်းဆီးခံထားသည့် ဒေသခံ ၈ ဦးမှာလည်း မည်သည့် နေရာတွင် ထိန်းသိမ်းခံထားရသည်ကို မသိရှိရသေးသဖြင့် မိသားစုဝင်များစိုးရိမ်နေကြသည်။ထို့ပြင် စစ်ကြော ရေးစခန်းများတွင် နှိပ်စက်ခံရမည်ကိုလည်း စိတ်ပူသည်ဟု မိသားစုဝင်များက ပြောကြသည်။
ဖမ်းဆီးခံရသူ ကိုမျိုးသွင်၏ ဖခင်ဖြစ်သူ ဦးမျိးလွင်ကသားဖြစ်သူသည် ကားဂိတ်မှူးတစ်ဦးဖြစ်ကြောင်းနှင့် နိုင်ငံ ရေးနှင့်ပတ်သက်မှုမရှိဘဲ မိသားစုကို ရှာဖွေကျွေးမွေးနေသူတစ်ဦးဖြစ်သဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် ပြော ဆိုသည်။
“ဒီနေ့ဆိုရင် ၁၀ ရက်ရှိပြီ။ ဘယ်မှာရှိလို့ ရှိနေမှန်းမသိ။ စစ်တွေကို ပို့လိုက်ပြီလို့လည်း ကြားပါတယ်။ ၅၅၀ တပ်ရင်းထဲမှာရှိတယ်လို့လည်း ပြောကြတယ်။ ဒါပေမဲ့ ဘာကိုယုံလို့ယုံရမှန်းလည်းမသိပါ။ ကျွန်တော် လိုက်ပြီး စုံစမ်းရင်လည်း ဘာမှ မသိရပါ။ စစ်တွေကိုလည်း သွားပြီးမေးခဲ့ပြီးပြီ။ သူ့မှာ အသည်းရောင် အသားဝါရောဂါ လည်းရှိတယ်။ အသည်းဆေးလည်း နေ့တိုင်းသောက်ရတယ်။ အခုက စစ်ကြောရေးထဲမှာ တစ်ဦးဆုံးတယ်လို့ လည်း သတင်းထွက်နေတော့ စစ်ကြောရေးထဲကို ရောက်သွားပြီး ဆိုးဆိုးဝါးဝါးဖြစ်နေမှာကို အလွန်စိုးရိမ်မိပါ တယ်။ သူနဲ့ ပတ်သက်ပြီး သူ့အမေလည်း နေမကောင်းဖြစ်နေပါတယ်“ ဟု သူ ကပြောသည်။
ပုဏ္ဏားကျွန်းမြို့တွင် ဖမ်းဆီးခံရသူများအနက် အသက်မပြည့်သေးသော ၁၇ နှစ်အရွယ် မင်းအောင်ခိုင်ဆို သည့် လူငယ်လည်း ပါဝင်သည်။၎င်းသည် သူငယ်ချင်းဖြစ်သူ မောင်နိုင်မျိုးထွန်းနှင့်အတူ ပေါက်တောပြင်ကျေးရွာသို့ သွားစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကိုမှုမသိရှိရသေးသဖြင့် အဆက်အသွယ်အမြန်ဆုံးရချင်ကြောင်း၊ သားဖြစ်သူနှင့် သူ၏ သူငယ်ချင်းကို အမြန်ဆုံး အိမ်ပြန်ရောက် စေချင်ကြောင်း နိုင်မျိုးထွန်း၏ ဖခင် ဦးစိုးနိုင်ဝင်းက ပြောသည်။
“ဘာမှအဆက်အသွယ်မရသေးပါ။ အိမ်ပြန်ရောက်စေချင်နေပြီ။ ကျွန်တော်လည်း ဟိုနေရာမှာ စုံစမ်း၊ ဒီနေရာမှာ စုံစမ်းနေတာပါပဲ။ အဓိကတော့ သူတို့နှစ်ယောက် ဘယ်နေရာမှာလဲဆိုတာကို သိချင်ပါတယ်။ အခုက သတင်းအစအန ဘာမှမရသေးပါ။ သူတို့ ဘာမှန်းမသိဘဲ စစ်ကြောရေးထဲမှာ စစ်ဆေးခံနေရမယ်ဆိုရင် မတွေး ရဲဘူး။ သူတို့က ကလေးပဲရှိသေးတယ်။ သူ့အမေဆိုရင် ထမင်းလည်း သိပ်မစားဘူး “ ဟု၎င်းက ဆက်ပြောသည်။
ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦးနှင့်စစ်တွေမြို့တို့ရှိ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင် ၁၄ ဦးကို ရက္ခိုင့်တပ်တော်(AA)က ယခုလအတွင်း ဖမ်းဆီးထိန်းသိမ်းထားသည်။ထို့နောက် မြန်မာစစ်တပ်ဘက်ကလည်း အရပ်သားများ တန်ပြန်ဖမ်းဆီးမှုများရှိနေပြီး နှစ်ဖက်စစ်ရေးတင်းမာမှုရှိနေသည်။
မြန်မာစစ်တပ်သည် အရပ်သားများကို ဖမ်းဆီးထားမှုနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။အလား တူ အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး သိရှိနိုင်ရန်အတွက် မြန်မာစစ်တပ်ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားမှုမရှိသေးပါ။