မီးရှို့ခံ ဖားပြိုနှင့်လက္ကာရွာမှ နေအိမ်များပြန်ဆောက်ရန် ထောက်ပံ့ငွေအပြည့်မရသေး

တိုက်ပွဲကာလအတွင်းကမီးရှို့ခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဖားပြိုကျေးရွာနှင့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာတို့မှ နေအိမ်အလုံး ၂၀၀ ကျော်ကို ပြန်လည်ဆောက်လုပ်လျက်ရှိရာ စစ်ကောင်စီမှပေးအပ်သည့်ထောက်ပံ့ငွေများကို အပြည့်အဝမရရှိကြသေးကြောင်း အဆိုပါကျေးရွာသားများကပြောသည်။

20 Nov 2021

DMG ၊ နိုဝင်ဘာ ၂၀

တိုက်ပွဲကာလအတွင်းကမီးရှို့ခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဖားပြိုကျေးရွာနှင့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာတို့မှ နေအိမ်အလုံး ၂၀၀ ကျော်ကို ပြန်လည်ဆောက်လုပ်လျက်ရှိရာ စစ်ကောင်စီမှပေးအပ်သည့်ထောက်ပံ့ငွေများကို အပြည့်အဝမရရှိကြသေးကြောင်း အဆိုပါကျေးရွာသားများကပြောသည်။

မီးရှို့ခံခဲ့ရသည့် လက္ကာကျေးရွာမှ နေအိမ် ၁၉၇ ဆောင်နှင့် ဖားပြိုကျေးရွာမှ နေအိမ် ၄၁ ဆောင်တို့ကို ပြန်လည်ဆောက်လုပ်နေကြခြင်းဖြစ်သည်။

လုံးဝပျက်စီးသွားသည့် နေအိမ်တစ်အိမ်လျှင် ငွေကျပ်သိန်း ၅၀၊ တချို့တဝက်ပျက်စီးသွားသည့် နေအိမ်တစ်အိမ်လျှင် ငွေကျပ် ၁၀ သိန်းစီ စစ်ကောင်စီမှထောက်ပံ့ပေးမည်ဟုပြောဆိုထားကြောင်း သိရသည်။

လုံးဝပျက်စီးသွားသည့်နေအိမ်များ ပြန်လည်ဆောက်လုပ်ရန်အတွက် ပထမအကြိမ် သိန်း ၂၀၊ ဒုတိယအကြိမ် ၁၅ သိန်းရရှိထားပြီဖြစ်သော်လည်း တတိယအကြိမ် ၁၅ သိန်းကို မရရှိသေးကြောင်း လက္ကာကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ညွှန့်ကပြောသည်။

“၃၅ သိန်းတော့ရပြီးပြီ။ ကျန်တဲ့ ၁၅ သိန်းက အခုချိန်ထိမရသေးဘူး။ ရွာသူရွာသားတွေက ၁၅ သိန်းကိုရမယ်ဆိုတော့ ပစ္စည်းတွေအကြွေးနဲ့ယူပြီး အိမ်ပြန်ဆောက်ထားကြတာ။ အခုတော့ ငွေကမရသေးတော့ အကြွေးတွေလည်းပြန်မဆပ်နိုင်ကြဘူး“ဟု DMG သို့ ပြောသည်။

တစ်ချို့တစ်ဝက်သာပျက်စီးသွားသည့်နေအိမ်များမှာ လက္ကာရွာမှ နေအိမ် ၁၂၀ ကျော်နှင့် ဖားပြိုရွာမှ နေအိမ် ၅၀ တို့အတွက် တစ်အိမ်လျှင်ငွေကျပ် ၁၀ သိန်းရရှိမည်ဖြစ်သော်လည်း လက်ရှိမှာ ၅ သိန်းသာရရှိသေးကြောင်း ကျေးရွာသားများထံမှ သိရသည်။

လက္ကာကျေးရွာမှ နေအိမ်များပြန်လည်ဆောက်လုပ်ရေးကော်မတီဝင် ဦးထွန်းကျော်ဖြူက “နေအိမ်တွေပြီးစီးရင် ငွေပေးမယ်လို့ပြောတဲ့အတွက် ပြီးစီးသွားတဲ့နေအိမ်စာရင်းကို ၉ လပိုင်းလောက်က ပြည်နယ်ကိုတင်ပြပြီးပြီ။ ဒါပေမဲ့ ငွေကအခုထိလည်းမရသေးဘူး“ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်မေလအတွင်းက မြောက်ဦးမြို့နယ် လက္ကာကျေးရွာမီးရှို့ခံခဲ့ရပြီး နေအိမ် ၁၉၇ လုံး မီးလောင်ပျက်စီးခဲ့သည်။ အလားတူ မင်းပြားမြို့နယ် ဖားပြိုကျေးရွာမှာလည်း မီးရှို့ခံရမှုကြောင့် နေအိမ် ၄၁ ဆောင်ပျက်စီးခဲ့သည်။

ဖားပြိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြထွန်းက “အိမ်တွေပြန်ပြင်တာလည်း တစ်ဝက်လောက်ပဲပြီးသေးတယ်။ အကုန်လုံးမပြီးသေးဘူး။ ငွေလည်း အပြည့်မရသေးတဲ့အတွက် အကုန်လုံးမဆောက်နိုင်သေးဘူး“ဟု ပြောသည်။

ဖားပြိုကျေးရွာသားများမှာ ကျေးရွာအတွင်း လာရောက်နေထိုင်သူများရှိသလို အမ်းသားစစ်ဘေးရှောင်စခန်းနှင့် အခြားစစ်ဘေးရှောင်စခန်းများတွင်လည်း နေထိုင်ကြသူများရှိသည်။

မီးရှို့ခံနေအိမ်များပြန်လည်ဆောက်လုပ်ရန် ထောက်ပံ့ငွေအပြည့်အဝမရရှိသေးသည့်အပေါ် ပြည်နယ်စစ်ကောင်စီ အဖွဲ့ဝင် ဦးသန်းထွန်းက “အခုက ဘဏ်ပြဿနာဖြစ်နေတဲ့အတွက် မပေးရသေးတာပါ။ သိန်း ၅၀ ပေးမယ်လို့ပြောထားတဲ့ အတိုင်းပေးသွားမှာပါ။ အသုတ်လိုက်ပေးသွားမှာပါ“ဟု ပြောသည်။

အဆိုပါနေအိမ်များ ပြန်လည်ဆောက်လုပ်ရန်အတွက် ဒုတိယအဖြတ် ငွေကျပ် ၁၅ သိန်းကို ပြီးခဲ့သည့်သြဂုတ်လအတွင်းက ရရှိခဲ့ခြင်းဖြစ်သည်။