ပန်းတောင်း နတ်စင်ကုန်းစခန်းကို AA သိမ်းပိုက်ပြီး ညောင်းကျိုးတွင် တိုက်ပွဲပြင်းနေ

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် ပန်းတောင်းမြို့နယ်၊ နတ်စင်ကုန်းစခန်းကို ဖေဖော်ဝါရီ ၂၂ တွင် သိမ်းပိုက်လိုက်ပြီးနောက် ညောင်ကျိုးကျေးရွာရှိ စစ်ကောင်စီ၏ တပ်စခန်းကို ဆက်လက် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

By Admin 24 Feb 2025

 ပုံစာ- ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က မိုးထိတောင်စခန်းကို သိမ်းပိုက်ရရှိစဉ်။(ဓာတ်ပုံ- AA In Desk)
 ပုံစာ- ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က မိုးထိတောင်စခန်းကို သိမ်းပိုက်ရရှိစဉ်။(ဓာတ်ပုံ- AA In Desk)

 
DMG ၊ ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ တပ်စခန်းကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီ ဖက်ကလည်း လေကြောင်းတိုက်ခိုက်နေသဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် ပန်းတောင်းမြို့နယ်၊ နတ်စင်ကုန်းစခန်းကို ဖေဖော်ဝါရီ ၂၂ တွင် သိမ်းပိုက်လိုက်ပြီးနောက် ညောင်ကျိုးကျေးရွာရှိ စစ်ကောင်စီ၏ တပ်စခန်းကို ဆက်လက် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိ ညောင်ကျိုးတပ်စခန်းကို AA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာ။ စစ်ကောင်စီကလည်း ဂျက်တွေနဲ့ရော စက်တပ်လေထီးတွေနဲ့ပါ ဗုံးကြဲနေတာရှိတယ်။ ညောင်ကျိုးနဲ့ တစ်မိုင်လောက်သာ ကွာဝေးတဲ့ နတ်စင်ကုန်း ကာကင်းစခန်းကိုလည်း သိမ်းပိုက်လိုက်ပြီဖြစ်တယ်။ ညောင်ခြေထောက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ကပစ (၆)က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတာရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။

လက်ရှိ တိုက်ပွဲများတွင် စစ်ကောင်စီက စက်တပ်လေထီးများဖြင့် ဗုံးကြဲနေမှုများရှိပြီး ဖေဖော်ဝါရီ ၂၂ ရက်က စက်တပ်လေထီးနှစ်စင်းကို AA က ပစ်ချနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲပြင်းနေသည့် ညောင်ကျိုးစခန်းမှာ ညောင်ခြေထောက် ကပစ (၆) နှင့် ၁၀ မိုင်အကွာတွင် ရှိကြောင်း သိရသည်။

“အခု တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာက ကပစ (၆)နဲ့ ၁၀ မိုင်လောက် ပဲဝေးတယ်။ အဓိကတော့ ကပစ (၆) ကို ဗျူဟာအနေနဲ့ ခံစစ်ပြင်ဆင်ထားတဲ့ စခန်းပေါ့။ စစ်ကောင်စီကတော့ အဲဒီစခန်းမှာ အင်းအား ရာနဲ့ချီ ဖြည့်တင်းထားသလို ပန်းကန်ကွဲ စခန်းဖက်လည်း ဆုတ်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေ လည်းရှိတယ်” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ညောင်ကျိုးစခန်းကို AA ပူးပေါင်းတပ်များက ထောက်ပို့လမ်းကြောင်းများ ဖြတ်တောက်ပိတ်ဆို့ ထားကြောင်း ဆိုသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် ပဲခူးတိုင်းအပိုင် စစ်ကောင်စီ၏ ပန်းကန်ကွဲစခန်းကို ဖေဖော်ဝါရီ ၁၇၊ နတ်စင်ကုန်းစခန်းကို ဖေဖော်ဝါရီ ၂၂ တွင် သိမ်းပိုက်နိုင်ခဲ့ကာ ဉသျှစ်ပင်မြို့အနီး ကပစ ၆ သို့ တဖြည်းဖြည်း ချီတက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ 

လက်ရှိ တိုက်ခိုက်နေသည့် ညောင်းကျိုးစခန်းကို သိမ်းပိုက်နိုင်ခဲ့လျှင် ကပစ(၆) ကိုဦးတည်နေသဖြင့် စစ်ကောင်စီ ၏ စစ်လက်နက်ထုတ်မှုကိုလည်း ပိုမိုဟန့်တားမှုဖြစ်လာနိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

“ညောင်ကျိုးကိုသာ ရရှိသွားပြီးဆိုရင် အဓိက ဦးတည်လာမှာက ညောင်ခြေထောက်ဖြစ်တယ်။ ညောင်ခြေထောက်မှာ ကပစ (၆)က သံရည်ဖျော်စက်ရုံ ဖြစ်တယ်။ စစ်နက်လက်ပစ္စည်းတွေက သံကိုအခြေပြု လုပ်ကြရတာဖြစ်ပြီး ကပစ (၆) ကိုသာ သိမ်းပိုက်နိုင်ခဲ့မယ် ဆိုရင် စကစရဲ့ လက်နက် စက်ရုံယန္တရားကို ပုံမှန်လည် ပတ်နိုင်ဖို့ ခက်ခဲသွားနိုင်တယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် ၂၀၂၄  ဒီဇင်ဘာလကုန်ပိုင်းကတည်းက ပဲခူးတိုင်းထဲသို့ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ပြီး မိုးထိတောင်စခန်း၊ ပန်းကန်ကွဲစခန်းနှင့် နတ်စင်ကုန်းစခန်းတို့ကို ရရှိထားသည်။ တစ်ဆက်တည်းတွင် ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်းတို့တွင်လည်း အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေသည်။