- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရမ်းဗြဲမြို့တွင် ပန်းရံသွားလုပ်သည့် စနဲမြို့ ဒေသခံလေးဦးကို စစ်ကြောင်းတစ်ခုက ဖမ်းဆီးထား
ရခိုင်ပြည်၊ ရမ်းဗြဲမြို့တွင် ပန်းရံအလုပ်သွားလုပ်သည့် စနဲမြို့မှ ဒေသခံလေးဦးကို စစ်ကြောင်းတစ်ခုက ဖမ်းဆီးထားကြောင်း မိသားစုဝင်များက DMG သို့ ပြောသည်။
11 Oct 2022
DMG ၊ အောက်တိုဘာ ၁၁
ရခိုင်ပြည်၊ ရမ်းဗြဲမြို့တွင် ပန်းရံအလုပ်သွားလုပ်သည့် စနဲမြို့မှ ဒေသခံလေးဦးကို စစ်ကြောင်းတစ်ခုက ဖမ်းဆီးထားကြောင်း မိသားစုဝင်များက DMG သို့ ပြောသည်။
၎င်းတို့လေးဦးမှာ ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ ည ၁၀ နာရီခန့်တွင် ရမ်းဗြဲမြို့မှ စနဲ့မြို့သို့လာစဉ် လမ်းခုလတ်ရှိ ရမ်းဗြဲမြို့နယ်၊ ခမောင်းချေတိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ တပ်စွဲထားသည့် မြန်မာစစ်တပ် စစ်ကြောင်းတစ်ခုက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိသားစုများကဆိုသည်။
ထိုသို့ဖမ်းဆီးခံထားရသူများမှာ စနဲမြို့ ကံပြင်စုရပ်ကွက်မှ ကိုထွန်းမြင့်အောင်(ခ)ခေါင်းချွန်း (၂၈)နှစ်၊ ကိုဧပြီကျော် (၃၂)နှစ်၊ ကိုဟန်ထွန်း (၃၂)နှစ်နှင့် စနဲမြို့ ချင်းမင်းပြင်ကျေးရွာမှ ကိုအောင်ကျော်ဝင်း (၃၂)နှစ်တို့ ဖြစ်ကြသည်။
“ဘာကြောင့် ဖမ်းတယ်ဆိုတာကိုတော့ မသိဘူး။ ခမောင်းချေတိုင်က အသိတွေက သူတို့ အဖမ်းခံရတယ်လို့ အကြောင်းကြားလာလို့သာ သိတာ။ ခမောင်းချေတိုင်ကျေးရွာ ဘုန်တော်ကြီးကျောင်းမှာ တပ်ချထားတဲ့ စစ်တပ်က ဖမ်းတာလို့တော့ပြောတယ်”ဟု ကိုဧပြီကျော်၏ မိသားစုဝင်တစ်ဦးက DMG သို့ ပြောသည်။
၎င်းတို့လေးဦးအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးဘဲ အဆက်အသွယ်လည်း မရရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။
မြန်မာစစ်တပ်က တပ်စွဲထားသည့် ခမောင်းချေတိုင်ကျေးရွာသည် ရမ်းဗြဲမြို့နှင့် ၂ မိုင်ခန့်အကွာရှိ ရမ်းဗြဲ-ကျောက်ဖြူ ကားလမ်းမအနီးတွင် တည်ရှိသည်။ အဆိုပါကျေးရွာ၏ ဘုန်းတော်ကြီးကျောင်းတွင် မြန်မာစစ်တပ် စစ်ကြောင်းတစ်ခုမှ တပ်စွဲနေထိုင်နေသည်မှာ ၁၀ ရက်ခန့်ရှိနေပြီဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ခမောင်းချေတိုင်ရွာသားတစ်ဦးက ပြောသည်။
“သူတို့က ကားနဲ့လာတာကို အဲဒီဘုန်းကြီးကျောင်းမှာ ချထားတဲ့ တပ်က စစ်ပြီးတော့ ဖမ်းတာလို့သိရတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာကိုတော့ ကျနော်တို့လည်း မပြောတတ်ဘူး”ဟု ၎င်းကဆိုသည်။
ထိုသို့ စနဲ့ဒေသခံများကို ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။
DMG မှ ကောက်ယူထားသည့် အချက်အလက်များအရ ကျောက်ဖြူ မြို့ပေါ် ရပ်ကွက်များဖြစ်ကြသည့် အစိုးရရပ်ကွက်၊ ပိုက်ဆိပ်ရပ်ကွက်၊ ကုလာဘာတောင်ရပ်ကွက်၊ ပြင်ဖြူမော်ရပ်ကွက်၊ အစိုးရရပ်ကွက်၊ စေတီတောင်ရပ်ကွက်နှင့် မလကျွန်းကျေးရွာတို့မှ ဒေသခံ ၂၀ ဦးခန့်ကို မြန်မာစစ်တပ်မှ ဆက်တိုက်ဖမ်းဆီးခဲ့သည်။
ယင်းအထဲမှ ၁၀ ဦးထက်မနည်းကို မတရားအသင်းဆက်သွယ်မှု၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)တို့ဖြင့် မြန်မာစစ်တပ်က တရားစွဲဆိုထားပြီး အချို့မှာလည်း ဖမ်းဆီးခံရပြီးနောက် မိသားစုများနှင့် အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးလျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။