မြန်မာစစ်တပ်က ၅၀၅(က)ဖြင့်တရားစွဲထားသည့် မြောက်ဦးဒေသခံ ကိုရင်ဆို့ကို ပထမဆုံးအကြိမ်စတင်ရုံးထုတ်

CRPH/NUG တို့နှင့်ဆက်စပ်သည်ဟုဆိုကာ ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် မြောက်ဦးမြို့ခံ ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေကို ယနေ့(စက်တင်ဘာလ ၁၉ ရက်နေ့)တွင် မြောက်ဦးခရိုင်တရားရုံး၌ ပထမဆုံးအကြိမ် စတင်ရုံးထုတ်ခဲ့ကြောင်း မိသားစုဝင်များကပြောသည်။

19 Sep 2022

DMG ၊ စက်တင်ဘာ ၁၉

CRPH/NUG တို့နှင့်ဆက်စပ်သည်ဟုဆိုကာ ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် မြောက်ဦးမြို့ခံ ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေကို ယနေ့(စက်တင်ဘာလ ၁၉ ရက်နေ့)တွင် မြောက်ဦးခရိုင်တရားရုံး၌ ပထမဆုံးအကြိမ် စတင်ရုံးထုတ်ခဲ့ကြောင်း မိသားစုဝင်များကပြောသည်။

ယနေ့ရုံးထုတ်တွင် ကိုရင်ဆို့အားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာစစ်ဆေးမှုမပြုလုပ်ဘဲ ရှေ့နေငှားမည့်ကိစ္စကိုသာ တရားသူကြီးကပြောကြားခဲ့ကြောင်း ကိုရင်ဆို့၏ဇနီးဖြစ်သူ မအိကေခိုင်ကပြောသည်။

"တရားလိုကတော့ မရောက်ဘူး။ ကိုရင်ဆို့ကိုလည်း စစ်ဆေးတာတွေတော့ ဘာမှမရှိဘူး။ တရားသူကြီးက ခင်ဗျားတို့မှာ ရှေ့နေငှါး၊မငှါးကို မိသားစုတွေနဲ့တွေ့ပြီး အေးဆေးတိုင်ပင်လို့ပြောတယ်။ ကျမတို့လည်း ရှေ့နေငှားဖို့စီစဉ်နေပါတယ်။ ကံကောင်းတာက သူ့မှာရိုက်နှက်ခံရတဲ့ဒဏ်ရာတွေ ဘာမှမရှိဘူး။ ကျမသူ့ကိုစတွေ့တုန်းကဆိုရင် ဒဏ်ရာတွေရှိမလားဆိုပြီး ရုပ်ကိုတောင်မကြည့်ရဲဘူး။ သူကလည်း အကုန်လုံးအဆင်ပြေတယ်လို့တော့ပြောပါတယ်"ဟု ၎င်းကပြောသည်။

ကိုရင်ဆို့အမှုကို လာမည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက်သည်ဟုလည်း မအိကေခိုင်ကဆက်ပြောသည်။

"နောက်အပတ်ထဲမှာ တရားလိုနဲ့လည်း တွေ့ဖို့ရှိတယ်လို့ တရားရုံးကပြောလိုက်တယ်။ ပြောရမယ်ဆိုရင် ကျမယောကျာ်းက သူတို့ပြောနေတဲ့ CRPH တို့၊ NUG တို့နဲ့ ဘာဆက်စပ်မှုမှရှိတာမဟုတ်ဘူး။ ကိုယ့်စီးပွားကိုအေးဆေးလုပ်ပြီး ရုန်းကန်နေတာ။ ဒါပေမဲ့ ကျမယောကျာ်းကတော့ မိသားစုတွေကို အားမငယ်ဖို့နဲ့ ဖြစ်ချိန်တန်လို့ဖြစ်တယ်ဆိုပြီးသဘောထားဖို့ နှစ်သိမ့်တယ်"ဟု ၎င်းကဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့က မြန်မာစစ်တပ်သည် မြောက်ဦးမြို့ထဲသို့ဝင်ရောက်လာကာ ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေကို နေအိမ်အတွင်းမှ ဝင်ရောက်
ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ကိုရင်ဆို့ကို CRPH/NUG တို့နှင့်ဆက်စပ်၍ ဖမ်းဆီးရခြင်းဖြစ်ကြောင်း၊ ယင်းအတွက် အမှုဖွင့်အရေးယူထားကြောင်းကို စစ်ကောင်စီက စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။