ရခိုင်ရှိ ချင်းမျိုးနွယ်စုများ တစ်စုတစ်စည်းတည်းဖြစ်လာရန် ချင်းအရပ်ဖက်အဖွဲ့များတွေ့ဆုံ

ရခိုင်ပြည်နယ်တွင်နေထိုင်ကြသည့် ချင်းတိုင်းရင်းသားမျိုးနွယ်စုဝင်များ တစ်စုတစ်စည်းတည်းဖြစ်လာစေရန်အတွက် ချင်းအရပ်ဖက်အဖွဲ့အစည်းများက မတ်လ ၅ ရက်နှင့် ၆ ရက်နေ့အထိ နှစ်ရက်ကြာ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြကြောင်း သိရသည်။

11 Mar 2022

Photo crd - Arakan Chin Together

DMG ၊ မတ် ၁၁

ရခိုင်ပြည်နယ်တွင်နေထိုင်ကြသည့် ချင်းတိုင်းရင်းသားမျိုးနွယ်စုဝင်များ တစ်စုတစ်စည်းတည်းဖြစ်လာစေရန်အတွက် ချင်းအရပ်ဖက်အဖွဲ့အစည်းများက မတ်လ ၅ ရက်နှင့် ၆ ရက်နေ့အထိ နှစ်ရက်ကြာ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပွဲကို Arakan Chin Together အဖွဲ့နှင့် အခြားချင်းအရပ်ဖက်အဖွဲ့စည်းများက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး မြေပုံမြို့နယ်၊ ဝါးခုတ်ချောင်းကျေးရွာတွင် တွေ့ဆုံပွဲကိုကျင်းပခဲ့သည်။

ပြည်နယ်အတွင်းရှိ ချင်းအရပ်ဖက်အဖွဲ့အစည်းများ စုစည်းမှုအားကောင်းလာစေရန်၊ ချင်းမျိုးနွယ်စုများအကြား အကွဲအပြဲဖြစ်ပေါ်နေမှုများကိုလျှော့ကျရန် စသည့်ရည်ရွယ်ချက်များဖြင့် တွေ့ဆုံပွဲကိုပြုလုပ်ခြင်းဟု Arakan Chin Together (ACT)မှ ပြန်ကြားရေတာဝန်ခံ ဆလိုင်းထွန်းလှကျော်က DMG သို့ပြောသည်။

“အရင်ရခိုင်ပြည်ထဲက ချင်းလူငယ်တွေဟာ ထိတွေ့ဆက်စပ်မှုတွေမရှိခဲ့ဘူး။ မျိုးနွယ်စုအကွဲအပြဲတွေ၊ ဘာသာရေးအကွဲအပြဲတွေနဲ့ ကွဲထွက်သွားကြတယ်။ ရခိုင်ပြည်ထဲက ချင်းဒေသတွေဖွံ့ဖြိုးရေးတို့ တခြားကဏ္ဍတွေမှာ တာဝန်ယူလုပ်ဆောင်တတ်တဲ့စိတ်ဓာတ်တွေ ပျောက်နေကြတယ်။ ဒီလိုဆွေးနွေးမှုပြုလုပ်တာလည်း အရင်ကဆိုရင် စည်းလုံးမှုအားနည်းတာတွေ၊ ကိုယ့်ဒေသအကျိုးကိုဆောင်ရွက်ဖို့ အားနည်းတဲ့စိတ်ဓာတ်တွေကို ပြန်ပြီးပြုပြင်စေချင်တယ်။ ဒီလိုဆွေးနွေးပွဲတွေပြုလုပ်ပေးဒါကြောင့် အဲဒါတွေကိုပြန်ရမယ်လို့မျှော်လင့်ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါပွဲကို ချင်းတိုင်းရင်းသား ၆၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ယခုကဲ့သို့ဆွေးနွေးပွဲပြုလုပ်ခဲ့ခြင်းကြောင်း ချင်းလူငယ်များ၊ အဖွဲ့အစည်းများကြား ပိုမိုရင်းနှီးမှုရရှိသွားသည်ဟု ချင်းဒေသခံတစ်ဦးကပြောသည်။

“ကျနော်တို့ အခုတွေ့ဆုံတဲ့ဆွေးနွေးပွဲမှာ လူငယ်အဖွဲ့စည်းတွေအနေနဲ့ ထိုက်သင့်သလောက်ရင်းနှီးမှုတွေရခဲ့တယ်။ နောက်ထပ်ဒီလိုတွေ့ဆုံပွဲတွေမျိုးလုပ်ဖို့ ရည်မှန်းထားတယ်။ အဲလိုလုပ်ပေးမှ ရခိုင်ပြည်ထဲမှာရှိနေတဲ့ ချင်းအမျိုးသားတစ်စုတစ်စည်းတွေရှိသွားမယ်လို့မြင်တယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် စုမ်းတူ၊ လေးတူ၊ လောက်တူ၊ အရှို၊ လိုင်းစော၊ ဥ(ပ်)ပူး စသည့်ချင်းမျိုးနွယ်စု(၆)မျိုးရှိပြီး အမ်း၊ မင်းပြား၊ မြေပုံစသည့်မြို့နယ်များတွင် အဓိကနေထိုင်ကြကာ တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြသည်။