ဥများစားသုံးခြင်းနှင့် မဆင်မခြင်ငါးဖမ်းဆီးမှုများကြောင့် မြန်မာ့ပင်လယ်လိပ်များ မျိုးတုန်းမည့်အရေးနှင့်ကြုံနေရ

လိပ်ဥများကို စားသုံးမှုများနှင့် မဆင်မခြင်ငါးဖမ်းမှုများကြောင့် မြန်မာနိုင်ငံရှိ ပင်လယ်လိပ်များ မျိုးတုန်းမည့်အရေးနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ကလျာက DMG သို့ပြောသည်။

29 Sep 2021

Photo - သားကြီး(ပုန်းညက်)

DMG ၊ စက်တင်ဘာ၂၉

လိပ်ဥများကို စားသုံးမှုများနှင့် မဆင်မခြင်ငါးဖမ်းမှုများကြောင့် မြန်မာနိုင်ငံရှိ ပင်လယ်လိပ်များ မျိုးတုန်းမည့်အရေးနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ကလျာက DMG သို့ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် လိပ်ဇောင်းလျား၊ လိပ်ကြက်တူရွေး၊ ပြင်သာလိပ်၊ လိပ်လှောင်း၊ လိပ်ခွေးဟူ၍ ပင်လယ်လိပ်ငါးမျိုး ကျက်စားနေထိုင်သည်ဟုဆိုသော်လည်း လက်ရှိတွင် အချို့မျိုးစိတ်များမှာမတွေ့ရှိတော့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“မြန်မာ့ကမ်းရိုးတန်းတွေဖြစ်တဲ့ ရခိုင်၊ ဧရာဝတီနဲ့ တနသာင်္ရီဘက်တွေမှာ မိုးကုန်ပိုင်းဆိုရင် ပင်လယ်လပ်တွေက ဥတွေဥကြတယ်။ အဲ့ဒီလိုဥဥတဲ့အခါ လူတွေကဖော်စားကြတာတွေရှိတယ်။ ဒီလိုမျိုးစားလိုက်တဲ့အခါကျတော့ ပင်လယ်လိပ်သားပေါက်မှုနှုန်းတွေလျော့ကျကုန်တာပေါ့”ဟု ဒေါက်တာကလျာက ပြောသည်။

ထို့အပြင် ကမ်းအနီးတွင် ဒရွတ်တိုက်ငါးဖမ်းစနစ်ဖြင့် ငါးဖမ်းဆီးခြင်း၊ မီးများထွန်းကာ ညလုံးပေါက်ငါးဖမ်းခြင်း စသည့်မဆင်မခြင်ငါးဖမ်းခြင်းများကြောင့်လည်း ပင်လယ်လိပ်များမျိုးတုန်းမှုကို ဖြစ်စေနိုင်ကြောင်း သိရသည်။

“ပင်လယ်လိပ်မကြီးတွေဟာ ရေနက်ထဲကနေပြီးတော့ ပင်လယ်ကမ်းခြေမှာ ဥတွေဥဖို့လာကြတယ်။ ဥတစ်ခါဥပြီး သူတို့ပြန်အဆင်းမှာ မဆင်မခြင်ငါးဖမ်းတာတွေရှိရင် ပိုက်တွေနဲ့ငြိပြီး အသက်ဆုံးပါးကြရတာတွေရှိတယ်။ ဥပမာပြောရရင် ပင်လယ်လိပ်တွေဟာ ပင်လယ်ထဲကိုဆင်းတဲ့အခါ ကောင်းကင်နဲ့ လှိုင်းကြပ်ခွပ်လေးတွေရဲ့ အလင်းရောင်ကိုကြည့်ပြီးသွားတက်ကြတယ်။ လူတွေက ညလုံးပေါက် မီးတွေထိန်နေအောင်ထွန်းပြီး ငါးရှာနေကြရင် သူတို့ဟာ မီးရောင်နောက်လိုက်ရင်းသေကုန်ကြရတာမျိုးပေါ့”ဟု ဒေါက်တာကလျာက ရှင်းပြသည်။

ရခိုင်ပြည်နယ် ကျိန္တလီဒေသတွင် သုံးနှစ်တာလေ့လာမှုများအရ ပင်လယ်လိပ်များတွေ့ရှိမှုနှုန်းမှာ တစ်နှစ်ထက်တစ်နှစ်လျှော့နည်းလာနေကြောင်း ကျိန္တလီဒေသတွင် ပင်လယ်လိပ်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေသူ ကိုသားကြီးကပြောသည်။

“ပြီးခဲ့တဲ့သုံးနှစ်တာ လေ့လာခဲ့တာတွေအရဆိုရင် ကမ်းကိုလာပြီး ဥ ဥတဲ့ လိပ်မကြီးတွေက ပထမနှစ်မှာဆိုရင် ခြောက်ကောင်လောက်လာခဲ့ပေမယ့် မနှစ်ကဆိုရင် သုံးကောင်လောက်ပဲလာတယ်။ အခုနှစ်မှာတော့ တစ်ကောင်လာသွားပြီ။ ဒါဟာ ပင်လယ်လိပ်တွေ နည်းလာနေပြီဆိုတဲ့သဘောပါပဲ”ဟု ၎င်းကဆိုသည်။

လက်ရှိကျိန္တလီဒေသတွင် ပင်လယ်လိပ်များဥချနိုင်ရန်အတွက် လိပ်သောင်များသတ်မှတ်ခြင်းနှင့် ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို လုပ်ဆောင်လျှက်ရှိကြောင်း ၎င်းကဆက်ပြောသည်။

ပင်လယ်လိပ်များ၏သဘာဝအရ လိပ်မတစ်ကောင်သည် တစ်ကြိမ်လျှင် ဥ ၁၀၀ ကျော် ဥလေ့ရှိပြီး တစ်နှစ်လျှင်နှစ်ကြိမ်(သို့မဟုတ်) သုံးကြိမ်ခန့် ဥ ဥလေ့ရှိသော်လည်း လူများစားသောက်မှုကြောင့် အချို့မှာပျက်စီးနေကြကြောင်း သိရသည်။

အောင်မြင်စွာဥ ဥပြီး လိပ်ဥစားသုံးသူများ၏ရန်မှကင်းဝေးကာ သားပေါက်လာပါကလည်း ငှက်များနှင့် အသားစားငါးများ၏ အစာအဖြစ် စားသုံးမှုအန္တရာယ်ကရှိသေးသည့်အပြင် ယင်းအန္တရာယ်များနှင့်မကြုံတွေ့ပါကလည်း ပင်လယ်ထဲမျောပါနေသည့် ပလတ်စတစ်များနှင့် အမှိုက်များကို အစာမှတ်၍စားသုံးခြင်းကြောင့် ထိခိုက်မှုကလည်းရှိနေသေးကြောင်း သိရသည်။

ပင်လယ်လိပ်များသည် ယင်းတို့နေထိုင်ကျက်စားရာဒေသများတွင် ပေါက်ရောက်လျက်ရှိသည့် ပင်လယ်မြက်၊ ရေညှိရေမှော်များကိုစားသုံး၍ အညစ်အကြေးပြန်စွန့်ကာ ထိုအညစ်အကြေးများကို ငါးပုစွန်တို့ကပြန်လည်စားသုံးခြင်းဖြင့် အစာကွင်းဆက်လည်ပတ်လျက်ရှိကြောင်း၊ ပင်လယ်ရေထုကို အဆိပ်အတောက်ဖြစ်စေသည့် ပင်လယ်ဒီရေနီ(Red Tide)ဖြစ်ပေါ်စေနိုင်သည့် အရာများကို စားသုံးသဖြင့် ပင်လယ်လိပ်များမှာ ပင်လယ်ပြင်ဂေဟစနစ်အတွက် အရေးပါသည့်သတ္တဝါလည်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနအနေဖြင့်လည်း ၁၉၉၇ ခုနှစ်က စတင်၍ အရှေ့တောင်အာရှဒေသပင်လယ်လိပ်မျိုး ထိန်းသိမ်းခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ၁၉၉၉ ခုနှစ်တွင် အရှေ့တောင်အာရှဒေသငါးလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးဗဟိုအဖွဲ့၏ အဖွဲ့ဝင်၊ ၂၀၀၁ တွင် အိန္ဒိယသမုဒ္ဒရာနှင့် အရှေ့တောင်အာရှဒေသနိုင်ငံများရှိ ပင်လယ်လိပ်များနှင့် ၎င်းတို့နေထိုင်ကျက်စားသွားလာရာဒေသများအား ထိန်းသိမ်းကာကွယ်ခြင်းနှင့်စီမံခန့်ခွဲခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာများရေးထိုး၍ ပင်လယ်လိပ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။