အသုံးပြုပြီးသားစက္ကူများကို တစ်သျှူးကြမ်းအဖြစ် စစ်တွေမြို့တွင် ပြန်လည်ထုတ်လုပ်နေ

အသုံးပြုပြီးသည့် စက္ကူများကို တစ်သျှူးကြမ်းအဖြစ် ပြန်လည်ထုတ်လုပ်မှုကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက်(၁၅)တွင် လုပ်ကိုင်လျက်ရှိသည်။

29 Sep 2022

DMG ၊ စက်တင်ဘာ ၂၉

အသုံးပြုပြီးသည့် စက္ကူများကို တစ်သျှူးကြမ်းအဖြစ် ပြန်လည်ထုတ်လုပ်မှုကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက်(၁၅)တွင် လုပ်ကိုင်လျက်ရှိသည်။

အဆိုပါ တစ်သျှူးကြမ်းကို ရခိုင်က လူငယ်စီးပွားရေးလုပ်ငန်းရှင် ၇ ဦးပူးပေါင်းတည်ထောင်ထားသည့် Lucky 7 တစ်သျှူးစက်ရုံမှ ထုတ်လုပ်နေခြင်းဖြစ်သည်။

တစ်သျှူးကြမ်းထုတ်လုပ်ရာတွင် အခြေခံပညာကျောင်းများ၊ မိတ္တူဆိုင်များ၊ စာပေးစာယူဌာနများနှင့် တက္ကသိုလ်ကျောင်းများ သုံးစွဲပြီးသား စာရွက်စာတန်းများ၊ ဗလာစာအုပ်အ‌‌ဟောင်းများကို ကုန်ကြမ်းအဖြစ် အဓိကထားသုံးစွဲကာ တစ်သျှူးကြမ်းထုတ်လုပ်ခြင်းဖြစ်သည်ဟု Lucky 7 တစ်သျှူးစက်ရုံမှ ဒါရိုတ်တာအဖွဲ့ဝင် ကိုကျော်မင်းထွန်းက DMG သို့ပြောသည်။

“ကျနော်တို့ရခိုင်ပြည်မှာ စက္ကူနဲ့ပတ်သက်တဲ့ ကုန်ကြမ်းတွေက အရင်ကဆို ဗလာစာအုပ်အဆိုးတွေ၊ သတင်းစာအဆိုးတွေ လာဝယ်တဲ့သူတွေရှိတယ်။ နောက်ပိုင်းကျတော့ အဲဒါတာတွေပျောက်သွားတယ်။ ကျနော်တို့ငယ်ငယ်တုန်းကဆို စက္ကူစက်ရုံတွေရှိခဲ့တယ်လို့ကြားခဲ့တယ်။ နောက်ပိုင်းပျောက်သွားတယ်။ အဲ့တော့ တစ်သျှူးဆိုတာကလည်း လူတိုင်းသုံးနေတဲ့အရာဆိုတော့ ရခိုင်မှာလည်း ဒီလိုစက်ရုံရှိသင့်တယ်ဆိုပြီး လုပ်ဖြစ်တာပါ”ဟု ပြောသည်။

ထိုတစ်သျှူးကြမ်းစက်ရုံကို ၂၀၁၈ ခုနှစ်ကတည်းက စတင်တည်ဆောက်နေခြင်းဖြစ်သော်လည်း ကိုဗစ် ၁၉ ရောဂါကူးစက်မှုများနှင့် စက်ပစ္စည်းများသယ်ယူရသည့် လမ်းပန်းဆက်သွယ်ရေးမကောင်းမွန်မှုတို့ကြောင့် တစ်သျှူးစက်ရုံဖြစ်မြောက်ရေးအတွက် နှောင့်နှေးကြန့်ကြာခဲ့ကာ ယခု ၂၀၂၂ ခုနှစ်မှသာ စတင်လုပ်ငန်းလည်ပတ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

“စက်ရုံတည်ထောင်တဲ့အခါ အခက်အခဲတွေကတော့ အများကြီးပေါ့။ ၂၀၁၈ လောက်က စက်ရုံစတည်ထောင်တယ်။ အဲဒီမှာ ကျနော်တို့ တခါမှမမြင်ဖူး၊ မကြားဖူးတဲ့ ကိုဗစ်ဆိုတာကြီးဝင်လာတယ်။ ကိုဗစ်ကာလ ၂၀၁၉ တုန်းကလည်း အဆောက်အဦးတွေ ဆောက်လုပ်‌နေတုန်း တည်ထောင်ခါစပဲရှိသေးတယ်။ ကျနော်တို့လည်း မထင်ထားဘူး။ စက်ဆရာတွေ ခေါ်ရတာအဆင်မပြေဘူး။ စက်တွေတပ်ဆင်ရတာမှာလည်း အခက်အခဲရှိခဲ့တယ်။ တောက်လျှောက်ပေါ့နော်။ ဒီစက်ကြီး ပြီးမှပြီးပါ့မလားလို့ တော်တော်စိတ်အားပေးခဲ့ရတယ်”ဟု ကိုကျော်မင်းထွန်းက ဆက်ပြောသည်။

ရခိုင်ပြည်တွင် ယခုကဲ့သို့ စားသောက်ကုန်၊ စက်မှုသုံးပစ္စည်းများထုတ်လုပ်သည့် စက်ရုံများပေါ်ပေါက်လာခြင်းအားဖြင့် ရခိုင်ပြည်ပြင်ပအား ထွက်သွားမည့်ငွေကြေးများအား ရခိုင်ပြည်တွင်းတွင်သာ လည်ပတ်စေသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်း အများအပြားရရှိလာခြင်းကြောင့် ရခိုင်လူငယ်များအနေဖြင့် ယခုကဲ့သို့ စက်ရုံများထပ်မံပေါ်ပေါက်လာစေရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ဝါရင့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးခင်မောင်ကြီးက သုံးသပ်သည်။

“ဒီလိုလုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ လူငယ်တွေရှိတယ်။ သူတို့မှာ ဗဟုသုတတွေရှိတယ်။ ရှိသင့်ရှိထိုက်တဲ့ နည်းပညာတွေရှိကြတယ်။ အဓိက အရင်းအနှီးအခက်အခဲတွေရှိတယ်။ အဲ့တော့ အရင်းအနှီးထူထောင်တဲ့ ကဏ္ဍတွေကျတော့ ရခိုင်ပြည်မှာ အများကြီးလိုအပ်နေသေးတယ်။ တနည်းအားဖြင့် ဒီလိုလုပ်ငန်းတွေလုပ်မယ်ဆို အစိုးရကိုပဲ အားကိုးရတာရှိတယ်။ အမှန်ကတော့ အစိုးရကိုပဲ သပ်သပ်အားကိုးနေလို့တော့ မရဘူး။ ပုဂ္ဂိလ်က ရန်ပုံငွေတွေနဲ့ အလုပ်လုပ်လာနိုင်တဲ့ အဆင့်ကိုရောက်လာရင်တော့ ရေထွက်ကုန်ပစ္စည်းတွေ၊ စိုက်ပျိုးရေးထွက်ကုန်တွေရော  အများကြီးစီးပွားရေးအရ အခွင့်အလမ်းတွေဖြစ်လာမယ်လို့မြင်တယ်”ဟု ပြောသည်။

ရခိုင်ပြည်အတွင်း ဒေသထွက်ကုန်များ ထုတ်လုပ်နိုင်သည့် စက်ရုံများနည်းပါးသည့်အတွက် လက်ရှိလည်ပတ်နေသည့်စက်ရုံများ ပိုမိုတိုးတက်လာစေရန် စက်ရုံတည်ရှိနေသည့်နေရာများတွင် လျှပ်စစ်မီးပုံမှန်ရရှိရေး အစိုးရအနေဖြင့် ကူညီပံ့ပိုးမှုများလုပ်ဆောင်ပေးသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက အကြံပြုပြောဆိုကြသည်။