- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြန်မာစစ်တပ်မှ ဖမ်းဆီးထားဆဲဖြစ်သည့် ရခိုင်ဒေသခံ ၃၀ကျော်ထဲတွင် တရားစွဲဆိုခံထားရသူ ၁၈ ဦးအထိ ရှိလာနေ
ရခိုင်ပြည်အတွင်းက မြို့နယ်အချို့တွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA) တို့ တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန် ဖမ်းဆီးမှုများ တင်းမာစွာဖြစ်ပွားခဲ့သည့်အချိန်တွင် ဖမ်းဆီးခံခဲ့ရသည့်အရပ်သားပြည်သူများထဲမှ ၁၈ ဦးကို စစ်ကောင်စီမှ အမှုဖွင့်တရားစွဲဆိုထားကြောင်း DMG မှ စုံစမ်းသိရှိရသည်။
09 Jul 2022
DMG ၊ ဇူလိုင် ၉
ရခိုင်ပြည်အတွင်းက မြို့နယ်အချို့တွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA) တို့ တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန် ဖမ်းဆီးမှုများ တင်းမာစွာဖြစ်ပွားခဲ့သည့်အချိန်တွင် ဖမ်းဆီးခံခဲ့ရသည့်အရပ်သားပြည်သူများထဲမှ ၁၈ ဦးကို စစ်ကောင်စီမှ အမှုဖွင့်တရားစွဲဆိုထားကြောင်း DMG မှ စုံစမ်းသိရှိရသည်။
တရားစွဲဆိုခံထားရသည့် အရပ်သားပြည်သူများမှာ စစ်တွေမြို့နယ်မှ ၉ ဦး၊ ပုဏ္ဏားကျွန်း မြို့နယ်မှ ၆ ဦး၊ ကျောက်တော်မြို့နယ်မှ ၃ ဦးတို့ဖြစ်ကြပြီး ၎င်းတို့ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)နှင့် ခြေချုပ်နှင့် ခံဝန်ဥပဒေပုဒ်မ ၅(၁)၊(စ)၊ (ဆ)တို့ဖြင့် အသီးသီးတရားစွဲဆိုထားခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးကို တောက်လျှောက်ဆိုသလိုပြောဆိုလာသည့် စစ်ကောင်စီသည် အရပ်သားပြည်သူများကို ကြီးလေးသည့်ပုဒ်မတို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်းသည် မဖြစ်သင့်သည့် ကိစ္စဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝေဟင်အောင်က ရှုမြင်ထားသည်။
“(စစ်ကောင်စီ)က ငြိမ်းချမ်းရေးကိုရှေးရှုတယ်ဆိုရင် ဒီလိုကြီးလေးတဲ့ပုဒ်မတွေနဲ့ အရပ်သားပြည်သူတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေအောင် လုပ်တဲ့လုပ်ရပ်က မကောင်းဘူး။ စစ်ကောင်စီကလည်း ငြိမ်းချမ်းရေးကို တောက်လျှောက်ပြောလာတယ်။ ဒီကြားထဲမှာလည်း ခပ်စိပ်စိပ်တွေ့လာရတယ်။ ငြိမ်းချမ်းရေးကိုပြောဆိုတဲ့အတိုင်း ငြိမ်းချမ်းရေးအလုပ်ကို လုပ်ပြဖို့လိုတယ်။ ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူတွေကို တရားရုံးမှာ ရင်ဆိုင်ခိုင်းတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ စိစစ်ပြီးအမြန်ဆုံးလွှတ်ပေးဖို့လိုအပ်တယ်လို့မြင်တယ်” ဟု သူက ပြောသည်။
ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တို့မှ အရပ်သားပြည်သူ ၅၀ ကျော်မှာ မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ ယင်းအထဲမှ ဒေသခံ ၁၈ ဦးခန့်မှာ ပြန်လည် လွတ်မြောက်လာသော်လည်း ၃၂ဦးကျန်သည့်အနက် ဒေသခံ ၁၈ ဦးမှာ ကြီးလေးသည့်ပုဒ်မတို့ဖြင့် တရားစွဲဆိုခံထားရကြောင်း DMG ၏ ကနဦးစုံစမ်းချက်များအရ သိရသည်။
ယင်းအပြင် စစ်တွေမှ ဖမ်းဆီးခံခဲ့ရသည့် ဒေသခံနှစ်ဦးကိုလည်း မှောင်ရိပ်ခိုမှုဖြင့် စစ်ကောင်စီမှ ထောင်ဒဏ် တစ်လချမှတ်ထားသည်။ ကျန်ရှိသည့် ဖမ်းဆီးခံထားရသူ ဒေသခံ ၁၀ ကျော်နှင့် ပတ်သက်၍လည်း သိရှိနိုင်ရန် DMG မှ စုံစမ်းနေဆဲ ဖြစ်သည်။
ဇွန်လ ၁၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ယောင်္ကျားဖြစ်သူနှင့် ယနေ့အချိန်ထိ တွေ့ခွင့်မရသည့်အတွက် စိုးရိမ်မိကြောင်းနှင့် အပြစ်မရှိဘဲ ဖမ်းဆီးခံထားရသည့်အတွက် အမြန်ဆုံးပြန်လွှတ်ပေးစေချင်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်မှ ပုဒ်မ ၅၀၅ (က) အပါအဝင် ဝတ္တရားနှောင့်ယှက်မှု၊ မသင်္ကာပုဒ်မ ၃၃၃/ ၁၁၄တို့ဖြင့် တရားစွဲဆိုခံထားရသည့် ဦးဘလှိုင်၏ ဇနီးဖြစ်သူ ဒေါ်အေးအေးခိုင်က ပြောသည်။
“ကျမတို့ မိသားစုမှာ အပြစ်လည်းမရှိပါ။ အပြစ်မရှိဘဲနဲ့ အခုလို ထောင်ဒဏ် ၁၀ နှစ်ချနိုင်တဲ့ အမှုတွေနဲ့ တရားစွဲထားတာကို လွှတ်ပေးစေချင်ပါတယ်။ ကျမတို့က နိုင်ငံရေးလည်းမလုပ်ဘူး။ အခု ဒုက္ခသိပ်ရောက်ရပါတယ်။ အပြစ်မရှိဘဲ ဖမ်းထားတာ အမြန်ဆုံးလွတ်ပေးစေချင်ပါတယ်” ဟု သူက ပြောသည်။
ဇွန်လ ၁၁ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ စစ်တွေမှ စစ်တပ်အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦး၊ ပုဏ္ဏားကျွန်း မှ စစ်ကောင်စီတပ်သား ၁ ဦး၊ ၊ကျောက်တော်မှ စစ်ကောင်စီတပ်သား ၂ ဦးနှင့် ရဲတပ်သား ၃ ဦး၊ မြောက်ဦးမှ ရဲတပ်သား ၁ ဦး နှင့် စရဖ ၃ ဦးနှင့် ရမ်းဗြဲမြို့နယ်မှ ရဲတပ်သား ၂ ဦးစုစုပေါင်း စစ်ကောင်စီ၏ လက်အောက်ခံ စစ်သား၊ရဲသား (၁၄) ဦးခန့်တို့ကို ရက္ခိုင့်တပ်တော်(AA) က ဖမ်းဆီးထားကြောင်း ကနဦးသိရှိရသည်။
ထိုသို့ AA က ဖမ်းဆီးပြီးနောက်တွင် စစ်ကောင်စီဘက်ကလည်း အဆိုပါမြို့နယ်များရှိ ရပ်ကွက်များအတွင်း စစ်ကားများဖြင့် လည့်ပတ်ကာ နေအိမ်များ၊ ဟိုတယ်များနှင့်လမ်းသွားလမ်းလာများကို ဖမ်းဆီးစစ်ဆေးပြီးနောက် အရပ်သားပြည်များဖမ်းဆီးခံခဲ့ရကာ လက်ရှိတွင် တရားစွဲဆိုခြင်းများအထိရှိလာခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် အပြစ်မဲ့အရပ်သားပြည်သူများကို အထောက်အထားခိုင်လုံမှုမရှိဘဲ ထောင်ဒဏ် ၁၀ နှစ် အထိချမှတ်နိုင်သည့် ပုဒ်မတို့ဖြင့် တရားစွဲဆိုခြင်းသည် လူ့အခွင့်အရေးပြောင်ပြောင်တင်းတင်း ကျုးလွန်နေခြင်း ဖြစ်သည်ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၏ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။
“ လူ့အခွင့်အရေးဆုံးရှုံးတာကတော့ ရခိုင်ပြည်သူ တစ်ရပ်လုံးတင်မဟုတ်ဘဲ မြန်မာပြည်သူလူထူ တစ်ရပ်လုံး လူ့အခွင့်အရေးဆုံးရှုံးနေရတယ်။ အခုက ပြည်သူတွေကိုဖမ်းတယ်။ ဘာမှမဟုတ်ပဲ ပြည်သူတွေကို သေဒဏ်ချတယ်။ အမျိုးမျိုး ပုဒ်မတွေ တပ်ပြီးတရားစွဲတယ်။ ဒီဟာက မတရားဖမ်းဆီးချုပ်နှောင်မှုဖြစ်တယ်။ ဒါက လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ပြောချင်တယ်” ဟု ၎င်းကပြောသည်။
တစ်ဖက်တွင် ရက္ခိုင့်တပ်တော် (AA) က ၎င်းတို့၏တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးလျှင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုထားသည်။ ထိုသို့ AA ဘက်က ပြောဆိုခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီမှတစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။
ရခိုင်ပြည်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးအပတ်မှ စတင်ကာ ၂ နှစ်ကြာ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ် နှင့် AA တို့၏ တိုက်ပွဲများသည် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် နားလည်မှုဖြင့် ရပ်တန့်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖမ်းဆီးခြင်းများဖြင့် စစ်ရေးတင်းမာလာခြင်းဖြစ် သည်။