- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သတင်းထောက်ဟောင်း ကိုဖိုးသီဟကို ၅၀၅(က)ဖြင့် စွဲချက်တင်
ကိုဖိုးသီဟကို ပုဒ်မ- ၅၀၅(က)ဖြင့် မြောက်ဦးမြို့နယ်တရားရုံးတွင် စွဲချက်တင်ခဲ့ခြင်းဖြစ်ပြီး လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထပ်မံရုံးချိန်းထားကြောင်း ကိုဖိုးသီဟ၏ မိသားစုဝင်တစ်ဦးကပြောသည်။
07 Oct 2022
DMG ၊ အောက်တိုဘာ ၇
ရခိုင်ပြည်၊ မြောက်ဦးမြို့မှ သတင်းထောက်ဟောင်း ကိုမြတ်သူထွန်း (ခ) ဖိုးသီဟကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် ယနေ့(အောက်တိုဘာလ ၇ ရက်)တွင် စွဲချက်တင်လိုက်သည်ဟု မိသားစုဝင်များထံမှ သိရသည်။
ကိုဖိုးသီဟကို ပုဒ်မ- ၅၀၅(က)ဖြင့် မြောက်ဦးမြို့နယ်တရားရုံးတွင် စွဲချက်တင်ခဲ့ခြင်းဖြစ်ပြီး လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထပ်မံရုံးချိန်းထားကြောင်း ကိုဖိုးသီဟ၏ မိသားစုဝင်တစ်ဦးကပြောသည်။
“ဒီနေ့ သူ့ကို ၅၀၅(က)နဲ့ စွဲချက်တင်လို့ပြောတယ်။ ကိုဖိုးသီဟနဲ့တော့ တွေ့ခွင့်ရခဲ့ပါတယ်။ သူ့ရဲ ကျန်းမာရေး အခြေအနေကလည်း ကောင်းပါတယ်”ဟု သူကဆိုသည်။
အသက် ၃၈ နှစ်အရွယ် ကိုဖိုးသီဟသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့က မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင်ရှိနေစဉ် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့သည်။
ကိုဖိုးသီဟမှာ ဖမ်းဆီးခံရစဉ်က မြောက်ဦးမြို့ ၃၇၇ တပ်ရင်းထဲတွင် ချုပ်နှောင်ခံခဲ့ရပြီး အောက်တိုဘာလ ၃ ရက်နေ့တွင် မြောက်ဦးမြို့မရဲစခန်းသို့ လွှဲပြောင်းခဲ့သည်။
“ကျမတို့တော့ ကိုဖိုးသီဟကို ကျန်းကျန်းမာမာ ဘေးကင်းကင်းနဲ့ ပြန်လွတ်လာတာကိုပဲ လိုချင်တာပေါ့။ အမြန်ဆုံး ပြန်လည်လွတ်မြောက်လာဖို့ကိုပဲ လိုချင်ပါတယ်”ဟု ကိုဖိုးသီဟ၏ မိသားစုဝင်ကပြောသည်။
ကိုဖိုးသီဟသည် ယခင်က ရခိုင်အခြေစိုက် သတင်းဌာနအချို့နှင့် ပြည်မသတင်းဌာနများတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည်။
အလားတူ မြောက်ဦးမြို့မှ ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေကိုလည်း မြန်မာစစ်တပ်က စက်တင်ဘာလ ၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး CRPH/NUG တို့နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ အမှုဖွင့်အရေးယူထားသည်ဟု စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာက စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ကိုရင့်ဆိုကို ၅၀၅(က)ဖြင့် အမှုဖွင့်ထားသည်ဟု ကနဦးသိရှိထားရကြောင်းနှင့် ထိုသို့ စွပ်စွဲထားသည့်အမှုအပေါ် ရင်ဆိုင်ဖြေရှင်းရန် ပြင်ဆင်နေကြောင်း မိသားစုဝင်များကပြောဆိုထားသည်။