- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ထန်တလန်မြို့တွင် မီးရှို့ခံရမှုကြောင့် ဘုရားကျောင်း ၄ ကျောင်းအပါအဝင် လူနေအိမ် အလုံး ၃၀၀ မီးလောင်ကျွမ်း
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ်များအပါအဝင် ဘုရားကျောင်းအားလုံးနီးပါး မီးလောင်ကျွမ်းပျက်စီးခဲ့သည်။
02 Dec 2021
DMG ၊ ဒီဇင်ဘာ ၂
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ်များအပါအဝင် ဘုရားကျောင်းအားလုံးနီးပါး မီးလောင်ကျွမ်းပျက်စီးခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက် ညနေ ၄ နာရီခန့်အချိန်တွင် ထန်တလန်မြို့အတွင်း စစ်ကောင်စီတပ်ရှိရာ အနီးအနားဖြစ်သည့် ရပ်ကွက်နှစ်ခုတွင် လူနေအိမ် ၉၀ လုံးကျော်ထက်မနည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ထန်တလန်မြို့နယ် နေရာချထားရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက DMG ကို ပြောသည်။
"ညနေပိုင်း ၄ နာရီ ကျော်လောက်ပေါ့ မြို့ထဲက လူနေအိမ်တွေ မီးလောင်နေတယ်လို့ ကြားသိရပါတယ်။ အိမ်တွေက အခုသူတို့ (စစ်ကောင်စီတပ်)နဲ့ အနီးအနားမှာဖြစ်နေတာ။ အိမ်အရေအတွက်က ၉၆ လုံးရှိတယ်" ဟု တာဝန်ရှိသူက ပြောသည်။
မီးလောင်မှုကြောင့် ဇုန်မွှန်ရပ်ကွက်တွင် ၄၁ အိမ်၊ စိုက်ပျိုးရေးရပ်ကွက် ၃၉ အိမ်နှင့် လုံတီာလ်ရပ်ကွက်မှာ ၁၆ အိမ်တို့ ပျက်စီးဆုံးရှုံးခဲ့ရပြီး မီးလောင်မှုဖြစ်ပွားရာနေရာသည် ထန်တလန်ရဲစခန်းနှင့် နီးရာနေရာတွင် ဖြစ်ကြောင်း ထန်တလန်မြို့နယ် နေရာချထားရေး ကော်မတီမှ ထုတ်ပြန်သည်။
ထန်တလန်မြို့တွင်း၌ ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်တွင် မြို့တွင်းတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် နေအိမ်တစ်လုံး စတင်မီးလောင်ကျွမ်းခဲ့ပြီး ထိုလ ၁၈ ရက်နေ့တွင်လည်း CDF မှ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးကျဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့်ပစ်ခတ်ရာ လူနေအိမ် ၁၉ လုံး မီးလောင်ပြာကျခဲ့ကာ မီးငြိမ်းကူရန် သွားရောက်ခဲ့သည့် ပါစတာတစ်ဦးမှာလည်း ပစ်သတ်ခံခဲ့ရသည်။
အောက်တိုဘာလ ၂၉ ရက်နေ့တွင်လည်း ထန်တလန်မြို့တွင်း နေအိမ်များ ဖောက်ထွင်းခိုးယူနေသည့် စစ်ကောင်စီတပ်သားတစ်ဦး ပစ်သတ်ခံရပြီး စစ်ကောင်စီတပ်မှ နေအိမ် ၁၆၄ လုံးကို မီးရှို့ခဲ့ပြီး အထင်ကရ ဘုရားကျောင်း ၂ ကျောင်း မီးလောင်ကျွမ်းခဲ့သည်။
ထို့နောက် နိုဝင်ဘာ ၆ ရက်ညပိုင်းမှစပြီး ၁၁ ရက်နေ့အထိ စစ်ကောင်စီတပ်များ၏ မီးရှို့မှုများကြောင့် စိုက်ပျိုးရေးရပ်ကွက်ရှိ TACB မိဘမဲ့ဂေဟာ (PCH) ဝင်း အတွင်းရှိ နေအိမ်သုံးလုံး အပါအဝင် အိမ် ၂၁ လုံးမီးရှို့ခံခဲ့ရသည်။
ထို့အပြင် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ထန်တလန်မြို့တွင် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်သား ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိမှုကြောင့် စစ်ကောင်စီတပ်မှTCBC ဘုရားကျောင်းအပါအဝင် လူနေအိမ် ၄၉ လုံး မီးရှို့ခဲ့ပြီး နိုဝင်ဘာ ၂၇ ရက် ညနေပိုင်း မီးလောင်ကျွမ်းမှုမဖြစ်ခင်အချိန်အထိ ထန်တလန်မြို့အတွင်း၌ တိုက်ပွဲများဖြစ်နေကြောင်း ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
နေအိမ်အများစု မီးလောင်ကျွမ်းမှုများမှာ စစ်ကောင်စီတပ်များ တပ်စွဲနေရာသို့ ချင်းပြည်သူ့ကာကွယ်ရေးတပ်များ လာရောက်ခြုံခိုတိုက်ခိုက်လာမည်ကို ကြောက်ရွံ့ခြင်းကြောင့် ယခုလို မီးရှို့မှုများဖြစ်နိုင်ကြောင်း ချင်းပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- CDF မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
" အဓိက သူတို့ (စစ်ကောင်စီ) တပ်တွေဆီကို ဝင်ပစ်မှာကြောက်လို့ နေအိမ်တွေကို မီးရှို့နေတာဖြစ်နိုင်ပါတယ်။ ဆိုလိုတာက သူတို့အနားမှာ ကျွန်တော်တို့ CDF က ခြုံခိုလာတိုက်မှာကို ကြောက်ရွှံ့လို့ အခုလိုလုပ်ဆောင်နေတာ" ဟု အဆိုပါ CDF အဖွဲ့ဝင်က ဆိုသည်။
ထန်တလန်မြို့တွင်း မီးလောင်ကျွမ်းမှုများသည် ချင်းပြည်သူ့ကာကွယ်ရေတပ်ဖွဲ့-CDF များမှ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီမှ သတင်းထုတ်ပြန်စွပ်စွဲထားသည်။
ထိုမီးရှို့ခံရမှုကြောင့် အထင်ကရ ခရစ်ယာန် ဘုရားကျောင်းများဖြစ်သည့် St. Nicolas Catholic ဘုရားကျောင်း၊ TCBC ဘုရားကျောင်းအပါဝင် ဘုရားကျောင်း ၄ ကျောင်း မီးလောင်ကျွမ်းခဲ့ပြီး
ထန်တလန်မြို့နှင့် အနီးတဝိုက်ရွာများမှ နေထိုင်သူများသည် အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်များအဖြင့် လူဦးရေ ၂၀၀၀ ကျော်အထိရှိနေပြီး စားဝတ်နေရေး ခက်ခဲမှုများဖြစ်ပေါ်နေကြောင်း ထန်လန်မြို့နယ် နေရာချထားပေးရေးကော်မတီထံမှ သိရသည်။