မြောက်ဦးမြို့တည်နှစ်(၅၉၂)ပြည့် အထိမ်းအမှတ်အဖြစ် လူငယ်များစုပေါင်းမီးထွန်း

ရခိုင်ပြည်၏ ရှေးဟောင်းမြို့တော်ဖြစ်သည့် မြောက်ဦးမြို့ကိုတည်ထားသည်မှာ (သြဂုတ်လ ၂၆ ရက်နေ့)ဆိုလျှင် နှစ်ပေါင်း (၅၉၂)ရှိပြီးဖြစ်ပြီး ယနေ့တွင် မြောက်ဦးလူငယ်များကစုပေါင်းကာ မီးထွန်းပွဲများကျင်းပကြသည်။

26 Aug 2022

DMG ၊ သြဂုတ် ၂၆

ရခိုင်ပြည်၏ ရှေးဟောင်းမြို့တော်ဖြစ်သည့် မြောက်ဦးမြို့ကိုတည်ထားသည်မှာ (သြဂုတ်လ ၂၆ ရက်နေ့)ဆိုလျှင် နှစ်ပေါင်း (၅၉၂)ရှိပြီးဖြစ်ပြီး ယနေ့တွင် မြောက်ဦးလူငယ်များကစုပေါင်းကာ မီးထွန်းပွဲများကျင်းပကြသည်။

အဆိုပါမီးထွန်းပွဲကို မြောက်ဦးမြို့ရှိ လေးမျက်နှာဘုရားတွင် ညနေပိုင်း ၆ နာရီမှ ၈ နာခွဲချိန်အထိ ပြုလုပ်နေကြသည်။

"လူငယ်တွေစုပေါင်းပြီး မြောက်ဦးမြို့ကို ဂုဏ်ပြုတဲ့အနေနဲ့ မီးထွန်းပူဇော်ပွဲလုပ်ကြပါတယ်။ ကျနော်တို့ MUYA အဖွဲ့သားတွေအပြင် တခြားပြင်ပက စိတ်ဝင်တစားနဲ့ ပါဝင်ချင်တွေလူတွေကိုလည်း ကျနော်တို့ဖိတ်ခေါ်ထားပါတယ်။ ခေတ်ကာလကလည်း မကောင်းတော့ အချိန်ကို ည ၈ နာရီခွဲအထိ သတ်မှတ်ထားပါတယ်"ဟု မြောက်ဦးလူငယ်များအစည်းအရုံး(MUYA)မှ ကိုသန်းစိုးက ပြောသည်။

မြောက်ဦးမြို့တည် နှးစ်(၅၉၂)ပြည့်နေ့နှင့်ပတ်သက်၍ အစပိုင်းတွင် ရခိုင်ရိုးရာကျင်ပွဲများကို ထည့်သွင်းကျင်းပရန်စီစဉ်ခဲ့သော်လည်း အခက်အခဲအချို့ကြောင်း အစီအစဉ်ကိုဖျက်သိမ်းလိုက်ရသည်ဟုလည်း ကိုသန်းစိုးကဆက်ပြောသည်။

"အစကတော့ ကျင်ပွဲကျင်းပဖို့အတွက် အဖွဲ့ဝင်တွေဆီကနေ အလှူငွေကောက်ခံပြီး လုပ်ဖို့စီစဉ်ထားတာ။ ဒါပေမယ့် ငွေကြေးအခက်အခဲရှိတဲ့အတွက် မကျင်းပဖြစ်လိုက်ဘူး။ နောက်ပြီး တိုင်းရေးပြည်ရေးကလည်းမကောင်းတော့ ပွဲလမ်းသဘင်တွေဘာတွေ ချဖို့ဆိုတာလည်း ခက်ခဲပါတယ်"ဟု ၎င်းကဆိုသည်။

မြောက်ဦးမြို့ကို ကောဇာသက္ကရာဇ် ၇၉၂ နှစ်၊ တော်သလင်းလဆန်းတစ်ရက်နေ့က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များစာရင်း(UNESCO) ဝင်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိကြသည်။