ရသေ့တောင်တွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွား၊ ဒေသခံ ၇၀၀ ခန့် ဘေးလွတ်ရာထွက်ပြေး

ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာကြားရှိ မေယုတောင်တန်းတစ်နေရာတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယနေ့(သြဂုတ်လ ၁၃ ရက်) နံနက် ၈ နာရီကျော်အချိန်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဒေသခံ ၇၀၀ ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

13 Aug 2022

DMG ၊ သြဂုတ် ၁၃

ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာကြားရှိ မေယုတောင်တန်းတစ်နေရာတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယနေ့(သြဂုတ်လ ၁၃ ရက်) နံနက် ၈ နာရီကျော်အချိန်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဒေသခံ ၇၀၀ ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ ချိန်ခါလီကျေးရွာနှင့် ၁ မိုင်ခွဲခန့်သာဝေးသည့်အတွက် ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ချိန်ခါလီကျေးရွာမှ အမည်မဖော်လိုသည့် ကျေးရွာရပ်မိရပ်ဖတစ်ဦးကပြောသည်။

“နှစ်ဖက်တိုက်ပွဲဖြစ်နေတာလို့ ခန့်မှန်းတဲ့အတွက် ကျနော်တို့လည်း တိမ်းရှောင်နေရတယ်။ ကျနော်တို့တစ်ရွာလုံး တစ်ယာက်မှမကျန်ဘူး။ တောင်ပေါ်ကို ပြေးသူပြေး၊ ကိုးတန်ကောက်၊ အင်းဒင်ကို ပြေးသူပြေးနဲ့ ကျနော်တို့လည်း အခုတောင်ပေါ်ကို မိသားစုနဲ့ဝင်ပြေးရတာဖြစ်ပါတယ်။ ကျနော်သမီးတောင် ကလေးတစ်ယောက်နဲ့ ဘယ်ဘက်ကိုရောက်နေမှန်းမသိသေးဘူး”ဟု ၎င်းကဆိုသည်။

မေယုတောင်တန်းပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ကျယ်ကျယ်လောင်လောင်ကြားရကြောင်းနှင့် ဒေသခံများမှာ အသက်အန္တရာယ် ထိခိုက်မည်ကိုစိုးရိမ်နေကြကြောင်း ဒုံးပိုက်ကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

“ကျနော်တို့ရွာမှာက ထွက်ပြေးတာတွေ မရှိပါဘူး။ အခုတိုက်ပွဲဖြစ်နေတာက ချိန်ခါလီနဲ့ ဒုံးပိုက်ကြားမှာ ဖြစ်နေတာလို့ထင်တယ်။ ကျနော်တို့ရွာကတော့ လက်နက်ကြီးပစ်သံတွေပဲကြားရတယ်။ဒါပေမယ့် တိုက်ပွဲသံတွေကြားနေရတော့ လုံလုံခြုံခြုံနဲ့ သတိရှိရှိနေနေကြရတယ်”ဟု သူကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

မြန်မာစစ်တပ်က ရခိုင်ပြည်အတွင်းရှိ ပြည်သူများကို မတရားဖမ်းဆီးမှုများ ဆက်လက်ရှိနေမည်ဆိုပါက တကျော့ပြန်တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်လာနိုင်ပြီး ပြည်သူများအနေဖြင့် သွားသတိ၊ လာသတိ၊ စစ်ရေးသတိဖြင့်သာသွားလာကြရန် ရက္ခိုင့်တပ်တော်(AA)မှ သြဂုတ်လ ၁၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် စစ်ရေးတင်းမာမှုများရှိလာနေပြီး မောင်တော၊ ပလက်ဝမြို့နယ်တို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ယခုရသေ့တောင်မြို့နယ်တွင် တိုက်ပွဲထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်။

ယခုစစ်ရေးတင်းမာမှုအခြေအနေများကြောင့် မောင်တောမြို့နယ်ရှိ မြန်မာစစ်တပ် တပ်စခန်း(၇)ခုခန့် ဆုတ်ခွာသွားကြောင်းလည်း ရက္ခိုင့်တပ်တော်ဘက်က ပြောဆိုထားသည်။