မြောက်ဦးမြို့ရှိ ရေသွင်းရေထုတ်စနစ်များကို ယခုနှစ်အတွင်း စတင်တူးဖော်သွားမည်

မြောက်ဦးမြို့ရှိ ရေသွင်းရေထုတ်စနစ်များကို ယခုနှစ်တွင် စတင်တူးဖော်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်းက DMG သို့ပြောသည်။

12 Apr 2022

မြောက်ဦးမြို့ တောင်ရပ်ရပ်ကွက်ရှိ ဘားဘူတောင်စေတီအနီးမှ (ဒေသခေါ်)မဟိန်ဂျီချောင်းအား တွေ့မြင်ရစဉ်

DMG ၊ ဧပြီ ၁၂

မြောက်ဦးမြို့ရှိ ရေသွင်းရေထုတ်စနစ်များကို ယခုနှစ်တွင် စတင်တူးဖော်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်းက DMG သို့ပြောသည်။

ထိုသို့ရေသွင်းရေထုတ်စနစ်များကို ပြန်လည်တူးဖော်ရာတွင် မြောက်ဦးမြို့ပေါ်ရှိ ချောင်းများ၊ မြောင်းများကို ပြန်လည်တူးဖော်ရမည်ဖြစ်ကာ နေရာတိုးချဲ့ထားသူများလည်းရှိသည့်အတွက် တူးဖော်ရမည့်အချိန်ကို အတိအကျမသိနိုင်သေးဟု ၎င်းကဆိုသည်။

“တူးဖော်မယ်ဆိုရင်လည်း ရှေးဟောင်းလက်ရာတွေကို မထိခိုက်စေဖို့အတွက် စက်ယန္တယားတွေနဲ့တူးဖော်တာတွေကို မလုပ်ပဲ ကျွမ်းကျင်တဲ့သူတွေနဲ့ ဒီအတိုင်းရိုးရိုးတန်းတန်းတူးဖော်သွားဖို့ စီစဉ်ထားပါတယ်။ အချို့ချောင်းတွေမှာကျတော့ ကျူးကျော်ထားတာတော့ ဒါကိုရေအရင်းမြစ်နဲ့တိုင်ပင်ပြီး ချောင်းဧရိယာတွေပြန်လည်သတ်မှတ်မှုလုပ်သွားမှာပါ”ဟု ဦးညိုမြင့်ထွန်းကပြောသည်။

လက်ရှိတွင် အချို့သောရေထုတ်စနစ်များကိုမြေဖို့၍ မြေကွက်ရောင်းချနေသူများလည်းရှိသဖြင့် ထိုနေရာများကိုပါ တူးဖော်ရမည်ဖြစ်သောကြောင့် တူးဖော်မှုကို မည်သည့်အချိန်တွင်ပြီးဆုံးမည်ကို အတိအကျပြောရန်ခက်ခဲကြောင်း ၎င်းကဆက်ပြောသည်။

“ဒါကိုမတူးဖော်ခင် သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ ကွင်းဆင်းစစ်ဆေးတာတွေလုပ်ရမယ်။ လက်ရှိလည်းလုပ်နေတယ်။ ဒါတွေပြီးသွားမှ တူးဖော်တာတွေကိုစနိုင်မယ်။ ဒီတော့ ဘယ်တော့ တူးဖော်ပြီးစီးမယ်ဆိုတာကိုမသိနိုင်ပေမယ့် ဒီနှစ်ထဲမှာတော့ စလုပ်မယ်ဆိုတာတော့ပြောလို့ရတယ်”ဟု ဦးညိုမြင့်ထွန်းကဆိုသည်။

မြောက်ဦးမြို့၏ ရေသွင်းရေထုတ်စနစ်များမှာ ကမ္ဘာပေါ်တွင် လွန်စွာအဆင့်အတန်းမြင့်သည့်စနစ်မျိုးဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များကပြောဆိုကြောင်း မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောသည်။

“ဒီမြောက်ဦးရဲ့ ရေသွင်းရေထုတ်စနစ်တွေက တကယ့်ကိုရှေးကျပြီး Uniqu(အတုမရှိ)ဖြစ်တယ်လို့ ပညာရှင်တွေကပြောကြတယ်။ တကယ်လို့ ဒီအရာတွေသာပျောက်ကွယ်မယ်ဆိုရင် မြောက်ဦးမြို့ကို ရေလွှမ်းနိုင်တယ်လို့လည်း သူကပြောထားတယ်”ဟု ၎င်းကဆိုသည်။

ထို့အပြင် မြစ်ချောင်းများအတွင်းသို့ အမှိုက်မစွန့်ပစ်စေရေးအတွက် ပြည်သူများကိုအမှိုက်ကောက်ကမ်းပိန်း၊ ဓာတ်ပုံကမ်ပိန်းများဖြင့် ဆွဲဆောင်အသိပညာပေးမှုများလုပ်ဆောင်နေပြီး ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း ရှေးသုကဆိုသည်။

“မြောက်ဦးကို UNESCO ဝင်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ချည်းပဲ လုပ်လို့ရတာမဟုတ်ပါဘူး။ ဒေသခံတွေပူးပေါင်းပါဝင်မှ ဒါက အောင်မြင်မှာပါ။ ဒီတော့အားလုံးကို ပူးပေါင်းပါဝင်ပေါ်ဖို့ ပြောလိုပါတယ်”ဟု ဦးညိုမြင့်ထွန်းကပြောဆိုသည်။

လက်ရှိတွင် ဒေသခံအချို့၏ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု၊ ချောင်းမြောင်းများကိုမြေဖို့ကာ မြေနေရာရောင်းချမှုနှင့် မြေနေရာတိုးချဲ့မှုများကြောင့် မြောက်ဦးမြို့၏ရေသွင်းရေထုတ်စနစ်များမှာ ယိုယွင်းလာနေကြောင်း အမည်မဖော်လိုသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။