- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောမြောက်ပိုင်းတွင် မြန်မာစစ်တပ်က AA ကို လေကြောင်းဖြင့် တိုက်ခိုက်နေ
မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်ကြောတစ်လျှောက်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ မြန်မာစစ်တပ်က ရဟတ်ယာဉ်များအသုံးပြုကာ ပစ်ခတ်နေကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းကပြောသည်။
31 Aug 2022
DMG ၊ သြဂုတ် ၃၁
မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်ကြောတစ်လျှောက်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ မြန်မာစစ်တပ်က ရဟတ်ယာဉ်များအသုံးပြုကာ ပစ်ခတ်နေကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းကပြောသည်။
ယနေ့(သြဂုတ်လ ၃၁ ရက်) နံနက်ပိုင်းက အဆိုပါနေရာအနီးတစ်ဝိုက်တွင် မြန်မာစစ်တပ်က လေကြောင်းဖြင့်တိုက်ခိုက်နေကြောင်းနှင့် ရွာသားများထွက်ပြေးနေရကြောင်း မောင်တောမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ၎င်းကဆက်ပြောသည်။
“မောင်တောမြောက်ပိုင်းအခြေအနေက နည်းနည်းဆိုးဝါးနေတယ်လို့ ပြောရမယ်။ မနက်ကလည်း ၈ နာရီလောက် လေယာဉ်နဲ့ ဝေလာတောင်ကြောဘက်ကို ပစ်ခဲ့တယ်လို့ကြားရတယ်။ ရွာတွေကလည်း ထွက်ပြေးသွားသူတွေရှိတယ်။ တစ်ချို့ဆိုလည်း ဘယ်နေရာကို ရောက်လို့ရောက်သွားကြမှန်း မသိကြဘူး။ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးကအစ သွားလို့လာလို့လည်းမရတော့ ဒုက္ခရောက်နေကြတယ်“ဟု သူကပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာအနီး နယ်ခြားစောင့်စခန်းအနီးတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် သြဂုတ်လ ၂၇ ရက်နေ့ကမှစတင်ကာ ဝေလာတောင်၊ လက်ပံတောတောင်တို့ကို မြန်မာစစ်တပ်က လေကြောင်းဖြင့်လာရောက်ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကဆိုသည်။
“လက်နက်ကြီးပေါက်ကွဲသံတွေက သိပ်ကိုကျယ်ကျယ်လောင်လောင် ပေါက်ကွဲသံတွေကိုကြားရပါတယ်။ မိုင်းတစ်လုံးကို ခွဲလိုက်သလို ဂျိန်း၊ ဂျိန်းဆိုပြီး အကျယ်ကြီးကြားရတာ။ အဓိကကတော့ အဲဒီဝေလာတောင်ကြောတစ်လျှောက်ကို ပစ်ခဲ့တာ“ဟု သူကဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။
စစ်ရေးအခြေအနေတင်းမာနေသော မောင်တောဒေသတွင် ခမောင်းဆိပ်၊ တမန်းသား၊ တရိန်း၊ မင်းခမောင်း စသည့်ကျေးရွာပေါင်း ၂၀ ခန့်မှာ ဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ ပြတ်တောက်မှုများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲဖြစ်နေကြောင်း သိရသည်။