အမ်းတွင် ဗုဒ္ဓရုပ်ပွားတော်ပင့်ဆောင်လာသည့် ကားတိမ်းမှောက်မှုကြောင့် လူ ၄ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်းတောင်ကျေးရွာအုပ်စု၊ ကန်မြင့်ကန်ကျေးရွာအနီးတွင် ယနေ့(မတ်လ ၁ ရက်) နံနက် ၁၀ နာရီခန့်က ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူပင့်ဆောင်လာသည့် ဆယ်ဘီးကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားကာ လူ(၄)ဦးသေဆုံးခဲ့ပြီး (၁၀)ဦးဒဏ်ရာရရှိခဲ့ကြောင်း ကန်မြင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

01 Mar 2022

Photo - Social Media

DMG ၊ မတ် ၁

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်းတောင်ကျေးရွာအုပ်စု၊ ကန်မြင့်ကန်ကျေးရွာအနီးတွင် ယနေ့(မတ်လ ၁ ရက်) နံနက် ၁၀ နာရီခန့်က ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူပင့်ဆောင်လာသည့် ဆယ်ဘီးကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားကာ လူ(၄)ဦးသေဆုံးခဲ့ပြီး (၁၀)ဦးဒဏ်ရာရရှိခဲ့ကြောင်း ကန်မြင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အဆိုပါယာဉ်မှာ နေပြည်တော်မှ ရခိုင်ပြည်နယ်၊ ကမ်းထောင်းကြီးမြို့သို့ ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ပင့်ဆောင်လာခြင်းဖြစ်ပြီး ယာဉ်ပေါ်လိုက်ပါလာသူများထဲတွင် ဘုန်းတော်ကြီးတစ်ပါးနှင့် သီလရှင်တစ်ပါးပါဝင်ကြောင်းသိရသည်။

“ရခိုင်ပြည်မှ လှိုက်လှဲစွာကြိုဆိုပါ၏ဆိုတဲ့ဆိုင်းပုဒ်နဲ့ သုံးဖာလုံလောက်အကွာမှာဖြစ်တာ။ အဲဒီနေရာက လက်ကောက်ဝတ်ပုံစံမျိုးအကွေ့ဖြစ်နေတဲ့အတွက် အရှိန်မထိန်းနိုင်လို့ပြုတ်ကျတယ်လို့ပဲ သုံးသပ်ကြတယ်။ အခြေနေကတော့ တော်တော်လေးဆိုးတယ်”ဟု ကန်မြင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က DMG ကိုပြောသည်။

အဆိုပါဖြစ်စဉ်တွင် ပင့်ဆောင်လာသည့် ထိုင်တော်မူနှင့် ရပ်တော်မူ ဘုရားဆင်းတုတော်နှစ်ဆူမှာ လုံးဝပျက်စီးသွားခဲ့ရပြီး ဒဏ်ရာရသူများကို အမ်းမြို့နယ်ဆေးရုံသို့ပို့ဆောင်ထားသည်ဟု ဦးကျော်ကျော်လွင်က ဆက်ပြောသည်။

“သူတို့က တော်တော်လေးကိုကံကောင်းတာ။ သူတို့ကျတဲ့ချောက်က ပေ ၆၀ လောက်ရှိတယ်။ အဲဒီနေရာမှာ ကျောက်ပြားလေးတစ်ခုခံနေလို့။ မဟုတ်ရင် သူတို့က အောက်ကို ပေ ၆၀ လောက်ထပ်ပြီးကျမယ့်သဘောမှာရှိတယ်”ဟု ၎င်းကဆိုသည်။

ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူကို ကမ်းထောင်းကြီးမြို့နှင့်တစ်မိုင်ခန့်အကွာရှိ တဘန်းတူးဆည်အနီးတွင် တည်ထားကိုးကွယ်ရန်အတွက် ကမ်းထောင်းကြီးဇာတိ၊ နေပြည်တော်တပ်ကုန်းတွင် သီတင်းသုံးနေသည့် ဆရာတော် ဘဒ္ဒန္တဝေပုလ္လမှဦးဆောင်ကာ ပင့်ဆောင်ခဲ့ခြင်းဖြစ်သည်။ လမ်းခုလတ်တွင် ယခုကဲ့သို့ မတော်တဆမှုများဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ကမ်းထောင်းကြီးမြို့ စေတနာရှင်များလူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဒေါက်တာရန်နိုင်စိုးကပြောသည်။

“ဆရာတော်ကြီးက ကိုယ့်ရပ်ကိုယ့်ရွာမှာ သာသနာပြုတာတွေလုပ်နေတာ။ အဲဒီဆည်နားမှာ ခေါင်းလောင်းတွေ၊ စေတီတော်တွေ လည်းရှိတယ်။ အခုသွားတုန်းက လူတစ်ယောက်ပဲပါသွားတာ။ ပြန်လာတော့ အဲဒီဘက်ကလူတွေကိုငှားပြီးပြန်လာတာ။ လူက ၁၈ ယောက်ပါတာ။ ဆရာတော်ကြီးက နောက်ကားမှာပါတယ်။ လူလေးယောက်ကတော့ အဲဒီကားမှာပေါ့”ဟု DMG ကိုပြောသည်။

စစ်တွေ-ရန်ကုန်ကားလမ်းရှိ အမ်း-စစ်တွေကားလမ်းပိုင်းမှာ တောင်ပေါ်လမ်းဖြစ်သည့်အတွက် ယာဉ်မတော်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။