အမ်းမြို့တွင် ရာနှင့်ချီသော နေအိမ်နှင့်ဈေးဆိုင်ခန်းတို့ကို သတ်မှတ်ရက်အတွင်း မဖယ်ရှားပါက အရေးယူမည်ဆိုသဖြင့် စတင်ဖြိုဖျက်နေရ

ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ လေယာဉ်ကွင်းဧရိယာနှင့် ဌာနဆိုင်ရာရုံးဟောင်းမြေနေရာများအတွင်း တည်ဆောက်ထားသည့် နေအိမ်နှင့် ဈေးဆိုင်ခန်းများကို ဖယ်ရှားပေးရန်အမိန့်ထုတ်ပြန်ထားသဖြင့် လက်ရှိမှာ စတင်ဖြိုဖျက်နေရပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

07 May 2022

DMG ၊ မေ ၈

ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ လေယာဉ်ကွင်းဧရိယာနှင့် ဌာနဆိုင်ရာရုံးဟောင်းမြေနေရာများအတွင်း တည်ဆောက်ထားသည့် နေအိမ်နှင့် ဈေးဆိုင်ခန်းများကို ဖယ်ရှားပေးရန်အမိန့်ထုတ်ပြန်ထားသဖြင့် လက်ရှိမှာ စတင်ဖြိုဖျက်နေရပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ဖယ်ရှားပေးရမည့်အထဲတွင် လေယာဉ်ကွင်းဧရိယာ၊ ထွေအုပ်ရုံးဟောင်းနေရာ၊ ရဲစခန်းဟောင်းနေရာနှင့် ဆေးရုံဟောင်းနေရာတို့တွင် တည်ဆောက်ထားသည့် လူနေအိမ်နှင့် ဈေးဆိုင်ခန်း ၂၀၀ ခန့်ပါဝင်ကြောင်း ဒေသခံများကပြောသည်။

လေယာဉ်ကွင်းဧရိယာထဲတွင် နေအိမ်များပါဝင်နေသဖြင့် ဖယ်ရှားပေးရန်အမိန့်ထုတ်ပြန်ထားသဖြင့် နေအိမ်ကိုဖြိုဖျက်ပေးခဲ့ရသည်ဟု အမည်မဖော်လိုသည့် နေအိမ်ဖြိုဖျက်ခဲ့ရသူတစ်ဦးကပြောသည်။

“ကိုယ်တိုင်မဖြိုဖျက်လို့ရှိရင် သူတို့ဘက်ဖိုးတွေနဲ့ လာဖြိုမယ်ပြောတယ်။ ပြီးတော့ တရားလဲစွဲမယ်လို့ပြောတယ်။ အဲဒါကြောင့် ကျမတို့အနေနဲ့ သူတို့ကိုကြောက်လို့ဖြိုပေးနေကြရတယ်”ဟု ၎င်းကဆိုသည်။

လေယာဉ်ကွင်းဧရိယာ၊ ထွေအုပ်ရုံးဟောင်းနေရာ၊ ဆေးရုံဟောင်းနေရာတို့ရှိ နေအိမ်နှင့် ဈေးဆိုင်ခန်းများကို မေလ ၁၄ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးရန်နှင့် ရဲစခန်းဟောင်းနေရာရှိ နေအိမ်နှင့် ဈေးဆိုင်ခန်းများကို မေလ ၂၀ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးရန် အမိန့်ထုတ်ပြန်ထားသည်။

ထိုသို့ သတ်မှတ်ရက်အတွင်းဖယ်ရှားခြင်းမရှိပါက ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာအက်ဥပဒေနှင့်အညီ နှင်ထုတ်သွားမည်ဖြစ်ကြောင်း အမ်းမြို့နယ်ရဲတပ်ဖွဲ့က အသိပေးစာထုတ်ပြန်ထားသည်။

လက်ရှိနေအိမ်ဖြိုဖျက်ပေးရသူများကို မြေနေရာအစားထိုးပေးခြင်းမရှိသဖြင့် နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေကြရသည်ဟု ထွေ/အုပ်ရုံးဟောင်းနေရာမှ နေအိမ်ဖယ်ရှားခံခဲ့ရသူတစ်ဦးက ပြောသည်။

“ကျမတို့မှာ ဘာနစ်နာကြေးမှလဲမရဘူး။ ဘယ်သူကမှလဲ မကူညီကြဘူး။ အရင်ကတည်းက ကျမတို့တွေက ငွေရှိတဲ့ လူတန်းစားတွေလဲမဟုတ်ကြဘူး။ အခုနေအိမ်ဖြိုဖျက်ပေးရတော့ နေစရာနေရာလဲမရှိတော့ဘူး။ တော်တော်အခက်အခဲဖြစ်နေတယ်။ ပြည်သူတွေကိုငဲ့ကွက်တယ်ဆိုရင် တန်ဖိုးနည်းမြေနေရာတွေ ချပေးစေချင်တယ်”ဟု ၎င်းကပြောသည်။

လက်ရှိ နေအိမ်နှင့် ဈေးဆိုင်ခန်းများကို ဖြိုဖျက်ရန်သတ်မှတ်ထားသောနေရာထက် တိုးချဲ့ကာ ဖြိုဖျက်ခိုင်းနေသည်ဟုလည်း ဒေသခံများကပြောဆိုကြသည်။

ထိုသို့ နေအိမ်ဖယ်ရှားခံရသူများမှာ လက်ရှိတွင် အခက်အခဲများနှင့်ရင်ဆိုင်နေရသည်ဟု အမ်းမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်ကပြောသည်။

“ပြည်သူတွေက သူတို့ဘာသာသူတို့ အေးအေးချမ်းချမ်းနေတာကို အခုလိုလုပ်တာ တစ်ကယ်စိတ်မကောင်းဘူး။ ဟိုနေ့တုန်းကမိုးရွာတော့ နေအိမ်ဖြိုဖျက်ပေးရသူတွေ မိုးရေထဲမှာ တော်တော်အခက်အခဲဖြစ်တယ်။ ပြည်သူအပေါ် လူ့အခွင့်အရေးချိုးဖောက်တယ်လို့လဲမြင်မိတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်ဧပြီလအတွင်းကလည်း တပ်ပိုင်မြေဟုဆိုကာဖယ်ရှားခိုင်းသဖြင့် အမ်းမြို့ရှိ နတ်စင်ကုန်းရပ်ကွက်၊ အမ်းမြို့သစ်ရပ်ကွက်တို့မှ နေအိမ်နှင့်ဈေးဆိုင်ခန်း ၃၀ ကျော်ကို ဖယ်ရှားပေးခဲ့ရသည်။