ရခိုင်တွင် တိုက်ပွဲကာလက မီးလောင်သွားသည့်နေအိမ်အများအပြားကို ပြန်လည်မတည်ဆောက်နိုင်သေး

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ချိန်က မီးလောင်ပျက်စီးသွားခဲ့သည့် နေအိမ်အများအပြားမှာ လက်ရှိအချိန်ထိ ပြန်လည်မတည်ဆောက်နိုင်သေးပေ။

19 Apr 2022

မီးရှို့ပျက်စီးခဲ့သည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာအားတွေ့ရစဉ်။

DMG ၊ ဧပြီ ၁၉

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ချိန်က မီးလောင်ပျက်စီးသွားခဲ့သည့် နေအိမ်အများအပြားမှာ လက်ရှိအချိန်ထိ ပြန်လည်မတည်ဆောက်နိုင်သေးပေ။

၂ နှစ်တာဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ကျေးရွာပေါင်း ၄၀ ခန့်မှ နေအိမ်အလုံး(၁၀၀၀)ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ ကောက်ယူထားသည့်စာရင်းအရ သိရသည်။  

ထိုအထဲတွင် ဘူးသီးတောင်မြို့နယ်မှ နေအိမ် ၁၆၃ လုံး၊ ကျောက်တော်မြို့နယ်မှ ၃၉၉ လုံး၊ ရသေ့တောင်မြို့နယ်မှ ၁၆၄ လုံး၊ ပုဏ္ဏားကျွန်းမြို့နယ်က ၃ လုံးနှင့် မြောက်ဦးမြို့နယ်မှ ၂၀၉ လုံးနှင့် မင်းပြားမြို့နယ်က ၂၈ လုံးတို့ပါဝင်သည်။

လက်ရှိမှာ တိုက်ပွဲများရပ်တန့်နေသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်သော်လည်း မီးလောင်ပျက်စီးသွားသည့် နေအိမ်များထဲမှ နေအိမ်(၃၀၀)ခန့်သာ ပြန်လည်ဆောက်လုပ်နိုင်သေးသည်ကိုတွေ့ရကြောင်း REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောသည်။

“အဓိကတော့ အခုအုပ်ချုပ်နေတဲ့စစ်ကောင်စီဘက်မှာ ပြန်လည်ထူထောင်ပေးနိုင်ဖို့အတွက် ဦးစားပေးအဆင့်လုပ်ဆောင်လိုတဲ့ ဆန္ဒမရှိတာကိုတွေ့ရတယ်။ ပြီးရင်အပစ်အခတ်ရပ်စဲဖို့အတွက် ညှိနှိုင်းကြတဲ့အခါ ဒီကိစ္စတွေကို အရေးတကြီးဦးစားပေးလုပ်ရမယ့်ကိစ္စတစ်ခုအနေနဲ့ ညှိနှိုင်းဆွေးနွေးချက်တွေ သဘောတူညီချက် မရနိုင်သေးတဲ့အတွက်လည်းဖြစ်နိုင်တယ်”ဟု သူကဆိုသည်။

စစ်ဘေးဒုက္ခသည်များ ပြန်လည်နေရာချထားရေးနှင့်ပတ်သက်ပြီး လုံးဝပျက်စီးသွားသည့်နေအိမ်တစ်အိမ်လျှင် ငွေကျပ်သိန်း ၅၀၊ တချို့တဝက်ပျက်စီးသွားသည့် နေအိမ်တစ်အိမ်လျှင် ငွေကျပ်သိန်း ၂၀ စီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီမှ ပြောဆိုထားသည်။

လက်ရှိတွင် ကျောက်တော်မြို့နယ်မှ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာ၊ မြောက်ဦးမြို့နယ်မှ လက္ကာကျေးရွာ၊ မင်းပြားမြို့နယ်မှ ဖားပြိုကျေးရွာတို့တွင် စစ်ကောင်စီမှ သိန်း ၅၀ တန်ဖိုးရှိနေအိမ်များ ဆောက်လုပ်ပေးထားကြောင်းသိရသည်။

မီးလောင်ဆုံးရှုံးသွားသည့်နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရန်၊ မီးမလောင်ဘဲကျန်ခဲ့သည့် နေအိမ်များမှာ ခြုံနွယ်ပေါင်းများစွာထူထပ်နေသည့်အတွက် ထပ်မံ၍ဆုံးရှုံးမှုမဖြစ်ရအောင် နေရပ်ပြန်ချင်ကြောင်း ကျောက်တော်မြို့နယ် တင်းမကျေးရွာမှ ဒေါ်ဦးသန်းရီကပြောသည်။

“ကိုယ့်ရွာကိုတော့ ပြန်ချင်တာပေါ့။ ဒုက္ခသည်စခန်းမှာနေတာက အဆင်ပြေတာမဟုတ်ဘူး။ ကိုယ့်ရွာမှာဆိုရင် ကိုယ့်စီးပွား၊ ကိုယ့်ဟင်းခင်းတွေနဲ့ လုပ်စားလို့ရတယ်။ အခုက ပေးတာနဲ့စားနေရတာဆိုတော့ အဆင်မှမပြေတာ။ ကိုယ့်ရွာပြန်ချင်လို့ တောင်းဆိုပေမယ့် ရမှမရသေးတာ”ဟု သူမကပြောသည်။     

၂၀၂၀ ခုနှစ် တိုက်ပွဲလအတွင်း တင်းမကျေးရွာမှ နေအိမ် (၁၃၀)ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထို့ကြောင့် ကျေးရွာသားများမှာ နေရပ်ပြန်နိုင်ရေးအတွက် စစ်ကောင်စီထံ (၇)ကြိမ်အထိ တောင်းဆိုထားသော်လည်း ထူးခြားမှုမရှိသေးကြောင်း ကျေးရွာသားများကပြောသည်။

တိုက်ပွဲများငြိမ်သက်နေချိန်တွင် မီးလောင်ပျက်စီးသွားသည့်နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေးနှင့် စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် စစ်ကောင်စီတွင် အပြည့်အဝတာဝန်ရှိကြောင်း လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ရသေ့တောင်မြို့နယ်မှ ကိုဘက္ကာပြောသည်။

“သူတို့လုပ်ပေးမယ်ဆိုရင် ရတယ်။ သူတို့က လုံးဝလျစ်လျူရှုထားလို့ ပြည်သူတွေဒုက္ခရောက်နေကြတယ်။ အခုထက်ထိ မီးရှို့ခံခဲ့ရတဲ့အိမ်တွေ နလှန်မထူနိုင်သေးဘူး။ ပိုဆိုးတာက ကိုယ့်ရပ်ကိုယ့်ရွာကိုမပြန်နိုင်ကြသေးဘူး”ဟု သူကပြောသည်။

မီးလောင်ပျက်စီးသွားသည့်နေအိမ်များ ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်သို့ပြန်မည်ဆိုက ပြန်နိုင်ပြီဟု ပြည်နယ်စစ်ကောင်စီက ယခုနှစ်မတ်လ ၈ ရက်နေ့တွင် ပြောဆိုခဲ့သည်။

သို့သော် နှစ်ဖက်လက်နက်ကိုင်တပ်များ နီးကပ်စွာရှိနေသည့် ကျောက်တော်မြို့နယ်မှ တင်းမကျေးရွာအပါအဝင် ရသေ့တောင်မြို့နယ်မှ အောင်သာစည်၊ ထီးစွဲ၊ ကျောက်တန်းကျေးရွာများမှ စစ်ဘေးဒုက္ခသည်များကို နေရပ်ပြန်ခွင့်မပြုသေးကြောင်း ပြည်နယ်စစ်ကောင်စီမှ ပြောဆိုသည်။

စစ်ဘေးရှောင်များကို အတင်းအဓမ္မနေရပ်ပြန်ခိုင်းခြင်းမဟုတ်ဘဲ မိမိသဘောဆန္ဒအရပြန်စေခြင်းဖြစ်ပြီး နေရပ်ပြန်မည်ဆိုပါက မိုင်းရှင်းလင်းရေးအပါအဝင် နေရပ်ပြန် စစ်ဘေးဒုက္ခသည်များအား ဘဝတစ်ခုပြန်လည်ရပ်တည်နိုင်ရန် အခြေအနေတစ်ခုထိ ဆောင်ရွက်ပေးသွားမည်ဟုလည်း ပြည်နယ်စစ်ကောင်စီကဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် စစ်ဘေးဒုက္ခသည် ၂ သိန်းကျော်ထဲမှ လက်ရှိတိုက်ပွဲရပ်တန့်နေချိန်တွင် နေရပ်ပြန်သူအချို့ရှိသော်လည်း စစ်ဘေးရှောင်ဦးရေ ခြောက်သောင်းတစ်ထောင်ကျော်မှာ နေရပ်မပြန်နိုင်ကြသေးဘဲ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြဆဲဖြစ်သည်။