ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို တစ်လနီးပါးကြာသည်ထိ ပြန်လည်မဖွင့်ပေးသေး

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာလာပြီးနောက် ဇွန်လ ၁၆ ရက်နေ့ကတည်းကပိတ်ထားသော ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို လက်ရှိအချိန်ထိ ပြန်လည်မဖွင့်ပေးသောကြောင့် ကားသမားများနှင့်ဒေသခံများ အခက်တွေ့နေကြသည်။

14 Jul 2022

DMG ၊ ဇူလိုင် ၁၄

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာလာပြီးနောက် ဇွန်လ ၁၆ ရက်နေ့ကတည်းကပိတ်ထားသော ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို လက်ရှိအချိန်ထိ ပြန်လည်မဖွင့်ပေးသောကြောင့် ကားသမားများနှင့်ဒေသခံများ အခက်တွေ့နေကြသည်။

၂၂ မိုင်နှင့် ၆ ဖာလုံရှည်လျားတွင် အဆိုပါကားလမ်းတွင် လက်ဝဲစာတိုက်၊ ပိန္နဲတော စစ်ဆေးရေးဂိတ်များ၌ မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များက ပိတ်ဆို့တားဆီးထားခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

“ကားလေးတစ်စီးနဲ့ လုပ်စားနေကြတာမှာ လမ်းတွေကိုလည်း ပိတ်ထားတယ်ဆိုတော့ ဖြစ်သလိုရောင်းချ၊ စားသောက်နေကြရမှာပဲလေ။ အငတ်တော့ ဘယ်သူခံနိုင်ပါ့မလဲ“ဟု ရသေ့တောင်ဒေသခံ ကိုမောင်ခင်ကပြောသည်။

အဓိကကားလမ်းကိုပိတ်ထားသောကြောင့် အခြေခံစားသောက်ကုန်ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်နေသလို စက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်နေကာ ဓာတ်ဆီတစ်လီတာကို ၃၀၀၀ ကျပ်အထိရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီလမ်းကြောင်းကိုပိတ်ထားလို့ ခရီးသည်တွေကလည်း အဆင်မပြေ။ ရေကြောင်းခရီးနဲ့ကလည်း မိုးရာသီဆိုတော့ လူတွေလည်းမသွားချင်ကြဘူး။ ခရီးသည်တွေလည်း သောင်တင်နေတယ်။ ကားသမားတွေလည်း အကုန်လုံးသောင်တင်နေကြပါတယ်။ လက်လုပ်လက်စားတွေလည်း အဆင်မပြေကြပါဘူး”ဟု ရသေ့တောင်ဒေသခံ ကိုဆံထုံးကပြောသည်။

ရသေ့တောင်မြို့မှ ပုဏ္ဏားကျွန်းမြို့သို့သွားသည့် ကားလမ်းမှာ အဆိုပါ လမ်းမကြီးတစ်ခုသာရှိပြီး ကုန်စည်များ သယ်ယူပို့ဆောင်ရေးအတွက် အဓိကအားကိုးနေရသည့် လမ်းဖြစ်သည်။ လက်ရှိတွင် ကားလမ်းပိတ်ထားသဖြင့်  ဒေသခံတစ်ချို့မှာ ရေချမ်းပြင် ရေလမ်းကြောင်းမှ မဖြစ်မနေသွားလာနေရသူများလည်းရှိသည်။