- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် ပင်လယ်ပြင် ပလတ်စတစ်ကင်းစင်ရေး ဆောင်ရွက်မည်
ရခိုင်ပြည်အတွင်းက သံတွဲနှင့် ဂွမြို့နယ်တွင် ပင်လယ်ပြင် ပလတ်စတစ်ကင်းစင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြာင်း သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဒေါက်တာ မောင်မောင်ကြည်က DMG သို့ပြောသည်။
22 Sep 2022
DMG ၊ စက်တင်ဘာ ၂၂
ရခိုင်ပြည်အတွင်းက သံတွဲနှင့် ဂွမြို့နယ်တွင် ပင်လယ်ပြင် ပလတ်စတစ်ကင်းစင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြာင်း သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဒေါက်တာ မောင်မောင်ကြည်က DMG သို့ပြောသည်။
လက်ရှိတွင် ခွင့်ပြုချက်ရရှိရေးအတွက် ပြည်နယ်စစ်ကောင်စီထံ ခွင့်ပြုချက်တောင်းခံထားကြောင်းနှင့် ခွင့်ပြုမိန့်ရလာသည်နှင့်တစ်ပြိုင်နက် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“လောလောဆယ်မှာ လူတွေရဲ့ ပလတ်စတစ်နဲ့ပက်သက်ပြီး အထွေထွေဗဟုသုတ ဘယ်လောက်ရှိတယ်ဆိုတာကို စစ်တမ်းကောက်မယ်။ ပြီးရင် ရလာတဲ့စစ်တမ်းတွေအရ ဘယ်အဆင့်လောက် ပညာပေးရင် ရနိုင်မလဲဆိုတာကို ပညာပေးတာတွေလုပ်မယ်။ ပြီးရင် ပင်လယ်ငါးလုပ်ငန်းဥပဒေနဲ့ပတ်သက်ပြီး ပြည်သူတွေ သိသင့်သိထိုက်တာတွေကို လုပ်ဆောင်မယ်”ဟု ဒေါက်တာ မောင်မောင်ကြည်ကရှင်းပြသည်။
ယခုအစီအစဉ်အောင်မြင်ခဲ့ပါက အခြားသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရခိုင်တစ်ပြည်နယ်လုံးကို ထပ်မံလုပ်ဆောင်သွားမည်ဟု ဒေါက်တာ မောင်မောင်ကြည်က ပြောသည်။
ယခုကဲ့သို့ ရခိုင်တွင် ပင်လယ်ပြင် ပလတ်စတစ်ကင်းစင်ရေးအတွက် စတင်လုပ်ဆောင်လာသည့်အပေါ် များစွာဝမ်းသာကြိုဆိုကြောင်းနှင့် မိမိတို့အနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ကူညီပေးရန် အသင့်ရှိကြောင်း စိမ်းပြာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ကိုမိုးကျော်ကဆိုသည်။
“လက်ရှိမှာက ပလတ်စတစ်တွေက အသုံးများလာနေတာဆိုတော့ အခုလိုကြားရတာက ဝမ်းသာစရာကိစ္စတစ်ခုပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်ကို ပူးပေါင်းဆောင်ရွက်ဖို့ပြောလာရင်လည်း ကျွန်တော်တို့ဘက်က တက်နိုင်သလောက် ကူညီဆောင်ရွက်သွားဖို့ အသင့်ရှိပါတယ်”ဟု ၎င်းကပြောသည်။
လက်ရှိတွင် တစ်ကမ္ဘာလုံး၌ ပင်လယ်ပြင်ပလတ်စတစ်လျှော့ချရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြပြီး ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်လာမှုအပေါ်တွင်လည်း များစွာအားရကျေနပ်မိကြောင်း မြန်မာနိုင်ငံမှ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဦးကျော်သင်းလတ်ကဆိုသည်။
“အခုက ပလတ်စတစ်တွေကို ထုတ်နေတဲ့နှုန်းက အရမ်းများလွန်းနေတယ်။ အသုံးပြုတာတွေကလည်း ပိုပိုများလာနေတယ်။ ဒီလိုအင်အားတွေကို ရုတ်ချည်းတိုက်ဖျက်ဖို့ဆိုတာကတာ့ မလွယ်ဘူး။ ဒါပေမယ့် အခုလိုလုပ်လာနိုင်တာကတော့ ကောင်းတဲ့အရာလို့တော့ ပြောလို့ရပါတယ်”ဟု ၎င်းကရှင်းပြသည်။
ရခိုင်ပြည်၏ ပလတ်စတစ်သုံးစွဲမှုမြင့်မားခြင်း၊ ဒေသခံများမှ ပင်လယ်အတွင်း အမှိုက်စွန့်ပစ်မှု၊ ငါးဖမ်းသင်္ဘေၤာများမှ ပင်လယ်အတွင်း အမှိုက်စွန့်ပစ်မှုများကြောင့် ရခိုင်ကမ်းရိုးတန်းရေပြင်တွင် Microplastics ပါဝင်မှု များပြားလာနေကြောင်း ပညာရှင်များက သုံးသပ်ပြောဆိုထားကြသည်။
လက်ရှိတွင် မြန်မာနိုင်ငံ ကမ်းရိုးတန်းများအနက်မှ ရခိုင်ကမ်းရိုးတန်းဒေသ ပင်လယ်ရေထဲ၌ ပလက်စတစ်အမှုန် (Microplastics)ပါဝင်မှု ပိုမိုများပြားလာသည့်အပေါ် သတိပြုကြရန်လိုအပ်နေပြီဖြစ်ကြောင်း ပညာရှင်များကသုံးသပ်ပြောဆိုထားကြသည်။
၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသကို လာရောက်သုတေသနပြုခဲ့သည့် နော်ဝေးနိုင်ငံမှ ဒေါက်တာ Fridtjof Nansen အဖွဲ့၏ စစ်တမ်းအရ ရခိုင်ကမ်းရိုးတန်းဒေသတွင် ပလတ်စတစ်အမှုန်ပါဝင်မှု ပိုမိုများပြားနေကြောင်း သုတေသနလုပ်ငန်းတွင်ပါဝင်ခဲ့သူတစ်ဦးက DMG သို့ပြောဆိုထားသည်။
လက်ရှိတွင် မြန်မာ့ကမ်းရိုးတန်းဒေသ၌ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် တစ်စတုရန်းကီလိုမီတာတွင် Micro Plastic အမှုန်ပါဝင်မှု ၂၈၀၀၀ ခန့်အထိရှိနေပြီဖြစ်ကြောင်း အဆိုပါသုတေသနလုပ်ငန်းတွင်ပါဝင်ခဲ့သူ၏ ပြောကြားချက်အရ သိရသည်။
အမေရိကန်၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ ရိုက်စ်တက္ကသိုလ်ကပြုလုပ်ခဲ့သော သုတေသနရလဒ်အရ မိုက်ခရို Micro Plastic ဟုခေါ်သည့် ပလတ်စတစ်အမှုန်များသည် ကိုယ်ခန္ဓာထဲတွင် တဖြည်းဖြည်းများလာပါက ရောဂါပိုးကိုတိုက်ဖျက်သည့် ပဋိဇီဝဆေးဖြစ်သည့် ပိုးသတ်ဆေးများမှာ အစွမ်းမပြနိုင်တော့ကြောင်း သိရသည်။
ထို့အပြင် ပိုလီစတိုင်ရင်းဟုခေါ်သော ပလတ်စတစ်များက လူသားများ၏ အစာချေလမ်းကြောင်းမှတစ်ဆင့် သွေးကြောများဆီသို့ဝင်ရောက်ခြင်းဖြစ်ပြီး Micro Plastic ခန္ဓာကိုယ်ထဲတွင် အများအပြားရှိသူမှ ရောဂါပိုးကူးစက်ခံရသည့်အခါ ရောဂါပိုးများက ပလတ်စတစ်အမှုန်များအား အကာအကွယ်ယူပြီး ပိုးသတ်ဆေးများကို ပုန်းရှောင်နေနိုင်သည့်အတွက် ပိုးသတ်ဆေးမတိုးနိုင်ကြောင်းလည်း သိရသည်။
ပိုးသတ်ဆေးများမှာ ၂၀ ရာစုအစပိုင်းမှစပြီး ယခုချိန်အထိ အဓိကကျသည့် ဆေးဝါးကုသနည်းတစ်ခုဖြစ်သည့်အတွက် ဆေးမတိုးတော့သည့်အချိန်တွင် နာမကျန်းဖြစ်သည့်အခါ ရောဂါပြင်းထန်မှုနှင့် အချိန်ကာလအားဖြင့် ရှည်ကြာမှုများဖြစ်နိုင်ကြောင်း ပညာရှင်အချို့က သုံးသပ်ထားကြသည်။