- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ထားဝယ်ထောင်မှ နိုင်/ကျဉ်းအချို့ကို ထောင်ဒဏ် ထပ်တိုးချမှတ်
ထောင်ဒဏ် ထပ်တိုးချမှတ်ရာတွင် အကြမ်းဖက်ဥပဒေပုဒ်မ- ၅၀(ည)၊ ပုဒ်မ- ၅၄ နှင့် ရာဇသတ်ကြီးပုဒ်မ- ၃၀၂/၃၂ တို့ဖြင့် ထားဝယ်ခရိုင်တရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ် နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ သိရသည်။
08 Oct 2022
ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ်ထပ်တိုး ချမှတ်ခံထားရသူများ။ ဓာတ်ပုံ - ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်(DPPN)
DMG ၊ အောက်တိုဘာ ၈
တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံနေရသူ (၁၀)ဦးမှာ အောက်တိုဘာလ ၆ ရက်နေ့က ထောင်ဒဏ် ထပ်တိုးချမှတ်ခံလိုက်ရကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်(DPPN)မှ သိရသည်။
စစ်ကောင်စီ၏ ပြစ်ဒဏ် ထပ်တိုးချမှတ်ခြင်းခံရသူများထဲမှ လေးဦးကို ယခင်ထောင်ဒဏ်များမှ နောက်ထပ်နှစ်(၂၀) ထပ်တိုးခဲ့ခြင်းဖြစ်ပြီး ကျန်ခြောက်ဦးကို ထောင်ဒဏ်(၁၀)နှစ် ထပ်တိုးချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ် နိုင်ငံရေးအကျဉ်းသားများကွန်ရက်(DPPN)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အရင်ချမှတ်ခံထားရတဲ့ ထောင်ဒဏ်တွေကို ထပ်ပြီးတိုးချလိုက်တာ ဖြစ်ပါတယ်။ ထောင်ဒဏ်ထပ်တိုး ချမှတ်ခံရသူအနေနဲ့ လက်ရှိဆယ်ဦးအထိရှိနေပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ထောင်ဒဏ်နှစ်(၂၀) ထပ်တိုးချမှတ်ခံရသူလေးဦးတွင် ကိုထွန်းဦး(ယခင်ထောင်ဒဏ် ၂၆ နှစ်မှ ယခုထောင်ဒဏ် ၄၆ နှစ်)၊ ကိုရာဇာထွန်း(ယခင်ထောင်ဒဏ် ၂၁ နှစ်မှ ယခုထောင်ဒဏ် ၄၁ နှစ်)အပါအဝင် ကိုမင်းဆက်မှူးကို (ယခင်ထောင်ဒဏ် ၈ နှစ်မှ ယခုထောင်ဒဏ် ၂၈ နှစ်)၊ ကိုမြတ်ကျော်သူကို (ယခင်ထောင်ဒဏ် ၉ နှစ်မှ ယခုထောင်ဒဏ် ၂၉ နှစ်) စသည်ဖြင့် အသီးသီးချမှတ်ခံခဲ့ရသည်။
ထို့အပြင် ထောင်ဒဏ်(၁၀)နှစ် ထပ်တိုးချမှတ်ခံရသူ(၆)ဦးတွင် ကိုစိုင်းမင်းသူ (ခ) ဖိုင်ဝမ်းကို (ယခင်ထောင်ဒဏ် (၂၁)နှစ်မှ ယခုထောင်ဒဏ် (၃၁)နှစ်)အပါအဝင် ကိုလင်းထက်ကိုကိုနှင့် ကိုဆောင်းယုထွန်းတို့ကို (ယခင်ထောင်ဒဏ် ၃ နှစ်မှ ယခုထောင်ဒဏ် ၁၃ နှစ်စီ)၊ ကိုသက်ပိုင်ဦးကို (ယခင်ထောင်ဒဏ် ၉ နှစ်မှ ယခုထောင်ဒဏ် ၁၉ နှစ်)၊ ကိုအောင်အောင်လတ်နှင့် ကိုအောင်အောင်တို့ကို (ယခင်ထောင်ဒဏ် ၂ နှစ်မှ ယခုထောင်ဒဏ် ၁၂ နှစ်စီ) အသီးသီးချမှတ်ခြင်း ခံထားရသည်။
၎င်းတို့ကို ထောင်ဒဏ် ထပ်တိုးချမှတ်ရာတွင် အကြမ်းဖက်ဥပဒေပုဒ်မ- ၅၀(ည)၊ ပုဒ်မ- ၅၄ နှင့် ရာဇသတ်ကြီးပုဒ်မ- ၃၀၂/၃၂ တို့ဖြင့် ထားဝယ်ခရိုင်တရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ် နိုင်ငံရေးအကျဉ်းသားများကွန်ရက်(DPPN)အဖွဲ့ တာဝန်ရှိသူ နောက်ထပ်တစ်ဦးကပြောသည်။
“ထောင်ဒဏ်ထပ်တိုး ချမှတ်ခံရသူတွေထဲမှာ သုံးဦးက အမှုမပြတ်သေးဘူး။ နိုင်ငံရေးပုဒ်မတွေနဲ့ တရားရင်ဆိုင်ရဖို့ ရှိသေးတယ်။ ထပ်ပြီး အပြစ်ဒဏ်တိုးချလိုက်တာ အကြမ်းဖက်ပုဒ်မနဲ့ လူသတ်မှုတွေနဲ့ စွဲဆိုပြီး အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
ပြစ်ဒဏ်ထပ်တိုး ချမှတ်ခံရသူများ၏ မိသားစုဝင်များက ၎င်းတို့ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရခြင်းမှာ မတရားပြုလုပ်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“အခုလို ထောင်ဒဏ် နှစ်ရှည်ထပ်တိုးချမှတ်ခံရတာ မတရားသဖြင့် ပြုလုပ်တာဖြစ်ပါတယ်။ အဲဒီအတွက် စိတ်မကောင်းဖြစ်မိတယ်။ ဂုဏ်လည်း ယူပါတယ်။ သူတို့လေးတွေရဲ့ ကျန်းမာရေးအပေါ်ကိုတော့ စိတ်ပူမိပါတယ်”ဟု ထောင်ဒဏ်ထပ်တိုး ချမှတ်ခံခဲ့ရသူတစ်ဦး၏ မိသားစုဝင်ကပြောသည်။
စစ်တပ်မှ အာဏာသိမ်းယူသည့် တစ်နှစ်ခွဲကျော်အတွင်း ထားဝယ်အကျဉ်းထောင်၌ နိုင်ငံရေးပုဒ်မ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မတို့ဖြင့် အမိန့်ချမှတ်ခံထားရသူ အမျိုးသားဦးရေ (၂၀၀)ကျော်နှင့် အမျိုးသမီးဦးရေ (၅၀)ကျော် စုစုပေါင်းဦးရေ (၂၅၀)ကျော်ရှိသည်။ ယင်းအထဲမှ ထောင်ဒဏ်တသက် ချမှတ်ခံထားရသူ အမျိုးသားနှစ်ဦးအပါအဝင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူ ဆယ်ဦးအထိရှိလာကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်(DPPN)အဖွဲ့မှ ထုတ်ပြန်ထားသည်။