Dawei Watch သတင်းထောက်နှစ်ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချမှတ် 

စစ်ကောင်စီက သတင်းသမားများကို ဉပဒေမဲ့ ဖမ်းဆီးချုပ်နှောင် စစ်ဆေးခြင်း၊ ဉပဒေနှင့်အညီ ခုခံကာကွယ် ချေပခွင့် မပေးဘဲ ပြစ်ဒဏ်ချမှတ်အရေးယူခြင်းတို့ကို ပြင်းထန်စွာကန့်ကွက်ပြီး  သတင်းထောက်နှစ်ဦးကိုလည်း အမြန်ဆုံးလွှတ်‌ပေးရန် Dawei Watch က တောင်းဆိုထားသည်။

By Admin 28 Aug 2024

 နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသည့် Dawei Watch သတင်းထောက် ကိုအောင်ဆန်းဦးနှင့် ကိုမျိုးမြင့်ဦး။ ဓာတ်ပုံ - Dawei Watch
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသည့် Dawei Watch သတင်းထောက် ကိုအောင်ဆန်းဦးနှင့် ကိုမျိုးမြင့်ဦး။ ဓာတ်ပုံ - Dawei Watch

DMG ၊ ဩဂုတ် ၂၈

Dawei Watch သတင်းဌာနမှ တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် သတင်းထောက် ကိုမျိုးမြင့်ဦးနှင့် ကိုအောင်ဆန်ဦးတို့ကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားကြောင်း သိရသည်။ 

၎င်းတို့နှစ်ဦးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲခဲ့သည်။ 

ယင်းနောက် စစ်ကောင်စီ၏ စစ်ခုရုံးဖြင့် တိတ်တဆိတ် တရားစီရင်ကာ ကိုမျိုးမြင့်ဦးကို ၂၀၂၄ ခုနှစ်၊ (ခန့်မှန်း) မေလ ၁၅ ရက်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ ကိုအောင်ဆန်းဦးကို ၂၀၂၄ ခုနှစ်၊ (ခန့်မှန်း) ဖေဖော်ဝါရီ ၁၆ ရက်တွင် ထောင်ဒဏ်နှစ် (၂၀)အထိ အသီးသီးချမှတ်ခဲ့သည်ဟု ဩဂုတ် ၂၇ ရက်တွင် Dawei Watch က ထုတ်ပြန်သည်။

ထောင်ဒဏ်ချမှတ်ရသည့် အကြောင်းအရင်းနှင့် ပုဒ်မအသေးစိတ်များကိုလည်း ထုတ်ပြန်ပြောဆိုခြင်းမရှိသလို မည်ကဲ့သို့ လုပ်ငန်းစဉ်ဖြင့် တရားစီရင်ခဲ့သည်ကိုလည်း မေးမြန်းခွင့်မရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။ 

Dawei Watch သတင်းဌာနမှ ကိုကျော်က “စပြီးဖမ်းသွားကတည်းက ကျနော်တို့က ဘယ်လိုမှ အဆက်အသွယ်မရဘူး။ မိသားစုက လိုက်ပြီးတော့ စုံစမ်းကြည့်တော့ မြိတ်အကျဉ်းထောင်မှာ ထောင်ချပြီးမှပဲ ထောင်ဝင်စာတွေ့ခွင့်ရတယ်။ ဒါမှ ကျနော်တို့ သိရတာ။ တရားဉပဒေကြောင်းအရ ကျနော်တို့ ဘာမှလုပ်ဆောင်လို့ မရခဲ့ဘူး” ဟု ပြောသည်။

မြိတ်မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်မဟုတ်သဖြင့် သတင်းသမားများကို ဉပဒေနှင့်အညီ ခုခံကာကွယ်ပေးရမည်ဖြစ်သော်လည်း တရားရုံးတွင် စစ်ဆေးခြင်းမရှိဘဲ မြိတ်ထောင်ရှိစစ်ခုံရုံးက ဉပဒေမဲ့ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီက သတင်းသမားများကို ဉပဒေမဲ့ ဖမ်းဆီးချုပ်နှောင် စစ်ဆေးခြင်း၊ ဉပဒေနှင့်အညီ ခုခံကာကွယ် ချေပခွင့် မပေးဘဲ ပြစ်ဒဏ်ချမှတ်အရေးယူခြင်းတို့ကို ပြင်းထန်စွာကန့်ကွက်ပြီး  သတင်းထောက်နှစ်ဦးကိုလည်း အမြန်ဆုံးလွှတ်‌ပေးရန် Dawei Watch က တောင်းဆိုထားသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် သတင်းသမားများကို ရည်ရွယ်ချက် ဖမ်းဆီးပြီးသတ်ဖြတ်ခြင်း၊ ပုဒ်မအမျိုးမျိုးတပ်ကာ နှစ်ရှည်ထောင်ဒဏ်ချပြီး တချို့မှာ စစ်ကြောရေးတွင် သေဆုံးမှုများလည်းရှိသည်။ 

ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အလွတ်တန်း သတင်းထောက် ကိုဝင်းထွဋ်ဦးနှင့် ကိုထက်မြတ်သူ တို့နှစ်ဦးကို စစ်ကောင်စီက နေအိမ်သို့ဝင်ရောက်ကာ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ 

DMG သတင်းဌာနမှ အယ်ဒီတာချုပ် ဦးအောင်မင်းဦးက “စစ်ကောင်စီရဲ့ ဒီလိုလုပ်ရပ်တွေကြောင့် ပြည်သူတစ်ရပ်လုံးနဲ့ မီဒီယာနယ်ပယ်တစ်ခုလုံးအတွက် အင်မတန်နစ်နာတယ်။ သတင်းသမားတွေဆိုတာက ရာဇဝတ်သားတွေ မဟုတ်ဘူး။ ပြည်သူတွေကြုံတွေ့နေတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ၊ မတရားပြုကျင့်ခံရမှုတွေကို တင်ပြတဲ့သူတွေဖြစ်တယ်။ ဒီလိုလူမျိုးတွေကို အခုလို ရည်ရွယ်ချက်ရှိရှိနဲ့ ဖမ်းဆီးညှင်းပန်းနှိပ်စက်တာတွေက အင်မတန်ဆိုးဝါးတဲ့ လုပ်ရပ်ဖြစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် သတင်းမီဒီယာများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေခြင်းကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့် ပျောက်ဆုံးကာ သတင်းမီဒီယာအခန်းကဏ္ဍသည်လည်း မှေးမှိန်လျက်ရှိသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်မှစ၍  ဩဂုတ်လ ၂၃ ရက်အထိ သတင်းသမား ၇ ဦး သတ်ဖြတ်ခံရပြီး ၁၇၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA)၏ စာရင်းအရ သိရသည်။