ရွှေဈေး ဆက်တိုက်မြင့်တက်နေ၍ ဈေးဆိုင်များအရောင်းထိုင်း

မြန်မာနိုင်ငံတွင် ရွှေဈေးဆက်တိုက်မြင့်တက်နေပြီး ယနေ့စက်တင်ဘာလ ၁၁ ရက်နေ့တွင် ၁၆ ပဲရွှေတစ်ကျပ်သားကို ဆယ့်ကိုးသိန်းနှစ်သောင်းအထိရှိနေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။

11 Sep 2021

DMG ၊ စက်တင်ဘာ ၁၁

မြန်မာနိုင်ငံတွင် ရွှေဈေးဆက်တိုက်မြင့်တက်နေပြီး ယနေ့စက်တင်ဘာလ ၁၁ ရက်နေ့တွင် ၁၆ ပဲရွှေတစ်ကျပ်သားကို ဆယ့်ကိုးသိန်းနှစ်သောင်းအထိရှိနေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။
ရွှေဈေးမှာ စက်တင်ဘာလ ၆ ရက်နေ့အထိ ၁၇ သိန်းအထိရှိရာမှ ယနေ့စက်ဘာလ ၁၁ ရက်နေ့တွင် ၁၉ သိန်းကျော်အထိ မြင့်တက်လာခြင်းလည်းဖြစ်သည်။

စစ်တွေမြို့ သိဒ္ဓိအောင်ရွှေဆိုင်မှ ကိုမျိုးမျိုးက “ဒီနေ့ စနေဖြစ်နေတော့ ရန်ကုန်ဈေးကွက်ကတော့ ဈေးအတိအကျတော့မသိရပါဘူး၊ ခန့်မှန်းခြေကတော့ ၁၉ သိန်းဝန်ကျင်ရှိပါတယ်။အပြင်ပေါက်ဈေးတွေဆိုရင် ဆယ့်ကိုးသိန်းတစ်သောင်း၊ ဆယ်ကိုးသိန်းနှစ်သောင်းအထိဖြစ်ပါတယ်”ဟု ပြောသည်။

ရွှေဈေးတက်ခြင်းကြောင့် ရွှေဆိုင်များတွင် အရောင်းလုံးဝကျဆင်းသွားခဲ့ကြောင်းလည်း မြင့်ရတနာရွှေဆိုင်မှ ဦးညဏ်ထွန်းအောင်က ပြောကြားသည်။
“ဈေးက ဒီနေ့ ၁၉ သိန်းကျော်အထိတွေ့ရပါတယ်။ တဖက်မှာလည်း အရောင်းအဝယ်ကမဖြစ်ပါဘူး။ ဆိုင်လည်းအများကြီးမဖွင့်ဖြစ်ဘူး၊ အရောင်းအဝယ်ပါးတော့ ခဏလေးပဲဖွင့်တော့ တယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ရွှေဆိုင်များတွင် ရောင်းအားကျဆင်းသွား၍ တစ်ရက်လျှင် လူ ၂ ဦးနှင့် ၃ ဦးကြားခန့်သာ လာရောက်ဝယ်ယူမှုများရှိကြောင်း ရွှေဆိုင်ပိုင်ရှင်များထံမှ သိရသည်။ လက်ရှိရွှေဆိုင်များတွင်

ရွှေဝယ်သူများထက် ရွှေပေါင်သူများပိုများကြောင်းလည်း သိရသည်။
တစ်ဖက်မှာလည်း ရွှေဈေးမြင့်တက်လာသကဲ့သို့ ဒေါ်လာဈေးလည်းမြင့်တက်လျက်ရှိခြင်းကြောင့် ကုန်စည်ဈေးနှုန်းများ သိသိသာသာ မြင့်တက်လျက်ရှိနေသည်။