မြောက်ဦးမြို့အဝင်/အထွက်မုခ်ဦးကို ခေတ်လေးခေတ်လက်ရာဖြင့် တည်ဆောက်မည်

ရှေးဟောင်းမြို့ဖြစ်သည့်မြောက်ဦးမြို့က မြို့အဝင်/အထွက်မုခ်ဦးကို ခေတ်လေးခေတ်၏လက်ရာများဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

07 Nov 2021

DMG ၊ နိုဝင်ဘာ ၇

ရှေးဟောင်းမြို့ဖြစ်သည့်မြောက်ဦးမြို့က မြို့အဝင်/အထွက်မုခ်ဦးကို ခေတ်လေးခေတ်၏လက်ရာများဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦး စသည့်ခေတ်လေးခေတ်လက်ရာနှင့် မြောက်ဦးမြို့အဝင်နှင့်အထွက်တို့တွင် မုခ်ဦးနှစ်ခုကိုတည်ဆောက်သွားမည်ဟု မြောက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရွှေမောင်က DMG သို့ပြောသည်။

“မုတ်ဦးမှာ ခေတ်လေးခေတ်ကတိုက်ဗျာလ ၂ ရုပ်၊ ရှေးခေတ်လက်ရာ၊ စတူပါ ၉ လုံး၊ ရှေးခေတ်ပန်း၊ ဒင်္ဂါးပြား၊ ရုပ်ထုတွေပါမယ်"ဟု ၎င်းကဆိုသည်။

ယင်းသို့ ခေတ်လေးခေတ်လက်ရာဖြင့် မုခ်ဦးကိုတည်ဆောက်ခြင်းမှာ မြို့အဝင်အထွက်နေရာသို့ရောက်သည်နှင့် ရှေးခေတ်အငွေ့အသက်ကိုခံစားရစေရန် ရည်ရွယ်ကြောင်းလည်း သိရသည်။

ကျောက်တော်မြို့မှ မြောက်ဦးမြို့သို့အဝင် ထမ္မရာဇ်မြို့သစ်ရပ်ကွက်၌ အဝင်မုခ်ဦးကိုလည်းကောင်း၊ မြောက်ဦးမြို့မှ မင်းပြားမြို့သို့အထွက် ပေါင်းတုပ်ကျေးရွာအနီးတွင် အထွက်မုခ်ဦးကိုလည်း တည်ဆောက်ရန် သတ်မှတ်ထားသည်။

မြောက်ဦးမြို့ အဝင်အထွက်မုခ်ဦးနှစ်ခုတည်ဆောက်ရန်အတွက် ဘတ်ဂျတ်ငွေကျပ်သိန်း ၁၈၅၀ ရရှိထားပြီးဖြစ်ပြီး နိုဝင်ဘာ ၆ ရက်တွင် မုခ်ဦးတည်ဆောက်ရန် တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ယင်းသို့တင်ဒါခေါ်ယူပြီးပါက ယခုလအတွင်း မုခ်ဦးတည်ဆောက်မှုကို စတင်မည်ဖြစ်ပြီး လာမည့် ၂၀၂၂ ခုနှစ်တွင် လုပ်ငန်းပြီးစီးအောင်ဆောင်ရွက်မည်ဟုသိရသည်။

မြောက်ဦးမြို့သည် ရခိုင်ဘုရင်များ နောက်ဆုံးထီးနန်းစိုက်ခဲ့ရာ ရှေးဟောင်းမြို့တစ်မြို့ဖြစ်ကာ လက်ရှိတွင် ယူနက်စကိုစာရင်းဝင်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိနေသည်။