- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကုလားတန်စီမံကိန်း အကောင်အထည်ဖော်ဆောင်မှုကို AA အားပေးနေ
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရတို့ သဘောတူမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍ ရခိုင်ပြည်သူများအတွက် အကျိုးရှိမည်ဆိုပါက တစ်စုံတစ်ရာ ကန့်ကွက်မည်မဟုတ်ကြောင်း AA ခေါင်းဆောင်က ပြောသည်။
19 Jun 2022
DMG ၊ ဇွန် ၁၉
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရတို့ သဘောတူမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍ ရခိုင်ပြည်သူများအတွက် အကျိုးရှိမည်ဆိုပါက တစ်စုံတစ်ရာ ကန့်ကွက်မည်မဟုတ်ကြောင်း AA ခေါင်းဆောင်က ပြောသည်။
လက်ရှိတွင် အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ AA ထံသို့ စီမံကိန်းတွင်ပတ်သက်သည့် အဖွဲ့အစည်းများက ဆက်သွယ်လာမှုများရှိနေပြီး မိမိတို့အနေဖြင့်လည်း ရခိုင်ပြည်သူလူထုအတွက် အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်သည့်အတွက် ကန့်ကွက်စရာမရှိကြောင်း AA ပြောခွင့်ရသူ ခိုင်သုခကပြောသည်။
“ဒီကုလားတန် Project က ကျွန်တော်တို့ပြည်သူတွေအတွက် အကျိုးရှိမယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ တစ်စုံတစ်ရာ ကန့်ကွက်မှုမရှိပါ။ ကျနော်တို့ဆီကိုဆက်သွယ်လာတဲ့ အနေအထားမှာလည်း ကျွန်တော်တို့အနေနဲ့ ကောင်းကောင်းမွန်မွန်ဆွေးနွေးပြီးတော့ လိုအပ်သလိုပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေရှိတယ်”ဟု ဇွန်လ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် DMG သတင်းဌာန၏မေးမြန်းမှုကို ခိုင်သုခကဖြေဆိုခဲ့သည်။
သို့သော် လက်ရှိတွင် ယင်းစီမံကိန်း ဆက်လက်အကောင်အထည်ဖော်မည့်ကိစ္စတွင် AA ထံသို့ ဆက်သွယ်ဆွေးနွေးမှုအကြောင်းအရာအသေးစိတ်နှင့် အဖွဲ့အစည်း၏အမည်ကိုတော့ ဖွင့်ပြောရန်မရှိသေးကြောင်း ခိုင်သုခကရှင်းပြခဲ့သည်။
အဆိုပါကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်းမှာ ရခိုင်ပြည်၊ စစ်တွေမြို့ ထိုမှတစ်ဆင့် ချင်းပြည်နယ်ပလက်ဝမြို့အထိ ကုလားတန်မြစ်ကြောင်းအတိုင်း ရေကြောင်းဖြင့်သွားလာပြီးနောက် ပလက်ဝမြို့မှနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အထိ ကုန်လမ်းဖြင့် ကုန်သွယ်မှုပြုမည့် စီမံကိန်းတစ်ခုလည်းဖြစ်သည်။
အဆိုပါစီမံကိန်းကို ၂၀၀၈ ခုနှစ်ကပင် နှစ်နိုင်ငံအစိုးရတို့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် စတင်အကာင်အထည်ဖော်ဆောင်ခဲ့ကြကာ ၂၀၁၃ ခုနှစ်တွင် ပြီးစီးရန်လျာထားခဲ့ကြကြောင်း သိရသည်။
သို့သော် နယ်မြေမတည်ငြိမ်မှုများနှင့် မြန်မာစစ်တပ်နှင့် AA တို့၏တိုက်ပွဲများကြောင့် အဆိုပါစီမံကိန်းမှာ လက်ရှိအချိန်အထိ အဆုံးသတ်နိုင်ခြင်းမရှိသေးကြောင်းနှင့် လက်ရှိတွင် အဆိုပါစီမံကိန်းကို အပြီးသတ်ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံအစိုးရတို့ကြား ဆွေးနွေးမှုများပြုလုပ်ကြခြင်းလည်းဖြစ်သည်။
လက်ရှိတွင် စီမံကိန်းတွင် ကုန်သွယ်အသုံးပြုမည့် သင်္ဘောများကို ကုမ္ပဏီသို့ လွှဲပြောင်းပေးထားကာ စစ်တွေရှိ ဆိပ်ကမ်းကိုလည်း နိုင်ငံတကာအသိအမှတ်ပြု ဆိပ်ကမ်းဖြစ်လာဖို့အတွက် လုပ်ဆောင်နေကြောင်း အိန္ဒိယကောင်စစ်ဝန်က DMG သို့ပြောသည်။
“လက်ရှိမှာ စီမံကိန်းအတွက် သင်္ဘောခြောက်စီးကို လွှဲပေးပြီးပါပြီ။ ဆိပ်ကမ်းကိုလည်း အပ်ပြီးပါပြီ။ လက်ရှိမှာ ဆိပ်ကမ်းကို တာဝန်ယူတဲ့ A to Z Exin ကုမ္ပဏီဘက်က ဆိပ်ကမ်းမှာ လိုအပ်တာတွေကို လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် ဒီဆိပ်ကမ်းကို နိုင်ငံတကာအသိအမှတ်ပြု ဆိပ်ကမ်းလက်မှတ်ရဖို့အရေး လုပ်နေတယ်လို့သိရပါတယ်”ဟု ဆိုသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရပ်နားထားခဲ့ရသည့် ပလက်ဝမီဇိုရမ်လမ်းကြောင်းကို ပြန်လည်စတင်နိုင်ရန်ကြိုးပမ်းနေကြောင်းနှင့် ထိုကိစ္စများနှင့်ပတ်သက်၍ AA နှင့် ပြောဆိုဆက်ဆံမှုတစ်စုံတစ်ရာမရှိသေးကြောင်း အိန္ဒိယကောင်စစ်ဝန်က ပြောဆိုထားသည်။
အကယ်၍ အဆိုပါစီမံကိန်းပြီးစီးမည်ဆိုပါက ရခိုင်ပြည်နယ်၏ စီးပွားရေးလုပ်ငန်းများမှာ များစွာတိုးတက်လာနိုင်ကြောင်းနှင့် ကုန်သွယ်မှုအပိုင်းတွင် များစွာအဆင်ပြေလာနိုင်မည်ဖြစ်ပြီး ရခိုင်မှ ထွက်ကုန်များကို အိန္ဒိယနိုင်ငံသို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်ကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်တို့က ပြောဆိုနေကြသည်။
ဝါရင့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးခင်မောင်ကြီးက “လက်ရှိမှာက နိုင်ငံခြားကသွင်းတဲ့ကုန်တွေဆိုရင် ရန်ကုန်ကနေတစ်ဆင့်မှ ရခိုင်ကိုရောက်တယ်။ တကယ်လို့ ဒီလမ်းကြောင်းသာပြီးသွားခဲ့ရင် ပြည်မကို မှီခိုနေရတဲ့အခြေအနေက နည်းပါးသွားမှာဖြစ်သလို ပြည်နယ်ရဲ့စီးပွားရေးဟာလည်း အများကြီးတိုးတက်လာနိုင်မှာဖြစ်တယ်”ဟု ၎င်းကသုံးသပ်သည်။
ယင်းစီမံကိန်းအတွက် အိန္ဒိယနိုင်ငံမှ စီမံကိန်းတွင် ကန်ဒေါ်လာ ၄၈၄ သန်းရင်းနှီးမြှုပ်နှံထားပြီး စီမံကိန်းပြီးစီးသွားပါက စစ်တွေ- ကျောက်တော်-ပလက်ဝမှတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံတို့၏ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်းလည်း အိန္ဒိယအစိုးရဘက်က ပြောဆိုထားသည်။