မြန်မာစစ်တပ်က ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ကျောက်တော်ဒေသခံတစ်ဦး ဆေးကုသမှုခံယူနေရ

မြန်မာစစ်တပ်ကဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(ခ)ဖြင့် အမှုဖွင့်ခံထားရသည့် အသက် ၅၇ နှစ်အရွယ် ဦးကျော်သန်းမောင်ဆိုသူမှာ သွေးတိုးရောဂါရှိသောကြောင့် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

08 Jul 2022

DMG ၊ ဇူလိုင် ၈

မြန်မာစစ်တပ်ကဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(ခ)ဖြင့် အမှုဖွင့်ခံထားရသည့် အသက် ၅၇ နှစ်အရွယ် ဦးကျော်သန်းမောင်ဆိုသူမှာ သွေးတိုးရောဂါရှိသောကြောင့် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

ထိုသို့ နေမကောင်းဖြစ်နေသောကြောင့် ၎င်းကို ဇူလိုင်လ ၇ ရက်နေ့က ကျောက်တော်မြို့ရှိ ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသခဲ့ကြောင်း ကျောက်တော်မြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။ သွေးတိုးရောဂါအခံရှိသော၎င်းအတွက် ဆေးဝါးများပေးပို့မှုရှိသော်လည်း ကျန်းမာရေးအတွက် စိုးရိမ်နေရကြောင်း သားဖြစ်သူ ကိုကျော်နိုင်ကဆိုသည်။

“ကျနော့်အဖေက အသက်လည်းကြီးနေပြီ။ သူ့မှာ သွေးတိုးလည်းရှိတယ်။ ကျန်းမာရေးကိုတော့ စိုးရိမ်တာပေါ့ဗျာ။ မနေ့ကလည်း ကျနော်တို့သွားပြီး အိမ်ကိုပြန်ရောက်တုန်းပဲရှိသေးတယ်။ ညနေဘက်ရောက်တော့ မင်းအဖေနေမကောင်းလို့ဆိုပြီး ဆေးရုံသွားပြရတယ်လို့ ရဲစခန်းက အကြောင်းကြားတယ်။ အကုန်လုံး စစ်ဆေးခဲ့တယ်တဲ့။ ကျနော်တို့လည်း ဆေးဝါးတွေတော့ပို့ထားတယ်”ဟု ၎င်းကဆိုသည်။

ဦးကျော်သန်းမောင် ဖမ်းဆီးခံရခြင်းမှာ ၎င်း၏လက်ကိုင်ဖုန်းတွင် ရက္ခိုင့်တပ်တော်(AA)၏ ဓာတ်ပုံတစ်ပုံကိုတွေ့ရှိသောကြောင့် ဖမ်းဆီးခံရခြင်းဟု ရဲစခန်းဘက်ကအကြောင်းပြထားသည်ဟု မိသားစုဝင်များထံမှ သိရသည်။

“သူတို့ပြောတာတော့ ဖုန်းမှာ ပုံတွေ့လို့တဲ့။ အဲဒါက ဘာမှမဟုတ်တာ။ ကျနော့်အဖေက ဖုန်းတောင်မကိုင်တတ်တာ။ ဘယ်လိုလုပ် အပြစ်ရှိမှာလဲ။ ကျနော့်အဖေက အသက်ကြီးနေပြီဆိုတော့ ထောင်ကျမှာလည်း စိုးရိမ်တယ်။ သူ့ကျန်းမာရေးကိုလည်း စိုးရိမ်တယ်”ဟု သားဖြစ်သူ ကိုကျော်နိုင်ကပြောသည်။

ကျောက်တော်မြို့နယ်၊ ခေါင်းတုတ်ကျေးရွာတွင်နေထိုင်သော ဦးကျော်သန်းမောင်မှာ သုံးဘီးမောင်းနှင်သူတစ်ဦးဖြစ်သည်။ ၎င်းအပါအဝင် ဦးဇော်ဝင်း(ခ)လူထုဇော်ဝင်း၊ ကိုဇော်မင်းထက်တို့ကို ဇွန်လ ၂၀ ရက်နေ့တွင် မြန်မာစစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါသုံးဦးထဲမှ ကိုဇော်ဝင်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က)နှင့် ကျန်နှစ်ဦးမှာ ပုဒ်မ-၅၀၅(ခ)ဖြင့် အမှုဖွင့်ခံထားရကာ ၎င်းတို့ကို ရုံးထုတ်စစ်ဆေးခဲ့ခြင်း မရှိသေးပေ။