မောင်တော ကြိမ်ချောင်းအုပ်/မှူးနှင့် ရွာသား ၂ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသား ၂ ဦးကို ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၄ နာရီခန့်တွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

20 Jul 2022

မောင်တော ကြိမ်ချောင်းအထကကျောင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

DMG ၊ ဇူလိုင် ၂၀

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသား ၂ ဦးကို ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၄ နာရီခန့်တွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘုန်းကိုနိုင်(ခ)ကိုကိုအောင်၊ ကိုထွန်းချေနှင့် ကိုထွန်းကြိုင်(ခ)အတာတို့ဖြစ်ကြသည်။ အင်အား ၂၀ ခန့်ရှိသည့် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ပူးပေါင်းအဖွဲ့က ၎င်းတို့ကို နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ကိုဘုန်းကိုနိုင်၏ မိသားစုဝင်တစ်ဦးက DMG သို့ပြောသည်။

“ဒီနေ့ မိုးလင်းအရုဏ်လောက်က ဖမ်းဆီးသွားတာ။ သူက အိမ်မှာအိပ်နေတာ။ စစ်တပ်နဲ့ နယ်ခြားစောင့်ရဲတွေက ဖမ်းသွားတာ။ သူကို စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီးတော့ ခေါ်သွားတာ။ သူက ရွာမှာအုပ်ချုပ်ရေးမှူးလုပ်နေတာ။ တခြားစီးပွားရေးကတော့ ကုန်စုံဆိုင်ရောင်းပါတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်အချို့ကျဆုံးမှုရှိခဲ့ပြီး ၁၄ ဦးဖမ်းဆီးရမိကြောင်း ရက္ခိုင့်တပ်တော်(AA)မှ ဇူလိုင်လ ၁၉ ရက်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားသည့် နေရာမှာ ကြိမ်ချောင်းကျေးရွာနှင့် ၅ မိုင်ခန့်ဝေးကွာကြောင်း သိရသည်။

ယင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးကိုဖမ်းဆီးခြင်းမှာ ဇူလိုင် ၁၈ ရက်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်က အကျအဆုံးများသည့်အတွက် ဒေသခံများကို သံသယထားကာ အပြစ်မရှိဘဲ ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ရွာသားများက ဆိုသည်။

အုပ်ချုပ်ရေးမှူးမှာ ကျေးရွာအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်သူသာဖြစ်ကြောင်း မိသားစုဝင်များကဆိုသည်။

လက်ရှိတွင် ၎င်းတို့ကို ကြိမ်ချောင်းကျေးရွာမြောက်ဘက် ၁ မိုင်ခန့်အကွာရှိ ကြိမ်ချောင်းနယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၇)တွင် ထိန်းသိမ်းထားကြောင်းသိရပြီး မိသားစုဝင်များနှင့်လည်းတွေ့ခွင့်မပေးသည့်အတွက် စိုးရိမ်မှုများရှိနေကြသည်။

ဖမ်းဆီးခံထားရသူ ကိုထွန်းချေ၏ မိသားစုဝင်တစ်ဦးက “အခုလောလောဆယ်တော့ သူတို့ကို ကြိမ်ချောင်းနခခ(၇)တပ်ရင်းမှာ စစ်ဆေးနေတယ်လိုသိရတယ်။ ဖမ်းတာကတော့ အိမ်ကနေဖမ်းသွားတာပါ။ သူကရွာမှာဆိုရင် တက်ကြွလှုပ်ရှားသူထဲမှာပါတယ်။ ရွာမှာ တစ်ခုခုလုပ်မယ်ဆိုရင် သူကဦးဆောင်ပြီးတော့ လုပ်နေတာ။ သူရဲ့အလုပ်အကိုင်ကတော့ ကုန်စုံဆိုင်ရောင်းပါတယ်။ မိသားစုတွေအနေနဲ့ စိုးရိမ်မှုရှိတယ်။ နောက်ပြီး သူ့မှာ ဘာမှအပြစ်လုပ်ထားတာမရှိတဲ့အတွက် အမြန်ဆုံးလွှတ်ပေးစေချင်ပါတယ်”ဟု ၎င်းကဆိုသည်။

အလားတူ ဖမ်းဆီးခံရသူနောက်တစ်ဦးဖြစ်သည့် ကိုထွန်းကြိုင်(ခ)ကိုအတာ ဆိုသူမှာလည်း ကြိမ်ချောင်းကျေးရွာတွင် စက်သုံးဆီဆိုင်ရောင်းချနေသူဖြစ်ကြောင်း သိရသည်။

မြန်မာစစ်တပ်သည် လက်ရှိရခိုင်ပြည်နယ်တွင် ဒေသခံများကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးနေမှု နေ့စဉ်ရှိလာနေသည်။ ထိုသို့ဖမ်းဆီးမှုများတွင်လည်း AA နှင့်လုံးဝ ဆက်စပ်မှုမရှိသည့် ဒေသခံများ ပါဝင်နေသည့်အတွက် ထိုသူတို့မှာ လူ့အခွင့်အရေး နစ်နာဆုံးရှုံးနေရကြောင်းလည်း လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုကြသည်။

“အခုကတော့ ဆက်စပ်မှုမရှိဘဲ ယမ်းသမ်းပြီးတော့ ဖမ်းတာတွေရှိတယ်။ ဒါတွေကတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၅ အရ မတရားဖမ်းဆီးချုပ်နှောင်ခြင်းကိုရောက်စေတယ်။ ဒါကြောင့် လူ့အခွင့်အရေး ချိုးဖောက်ရာရောက်တယ်”ဟု ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောသည်။

အဆိုပါ ကြိမ်ချောင်း အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားများ ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ရခိုင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ရခိုင်ဒေသအတွင်း မြန်မာစစ်တပ်က စစ်ရေးလှုပ်ရှားမှု များ၊ စစ်ရေးပြင်ဆင်မှုများကို ဆက်တိုက်လုပ်ဆောင်နေ သောကြောင့် တိုက်ပွဲ များ ဆက်လက်ပြင်းထန်လာနိုင်သဖြင့် ပြည်သူများ အနေဖြင့် စစ်ရေးသတိရှိကြရန်  ရက္ခိုင့်တပ်တော်(AA)က (ဇူလိုင်လ ၁၉ ရက်)တွင် ထုတ်ပြန်ထားသည်။

“မြန်မာစစ်တပ်ဘက်က ဆက်ပြီးတော့ ထိုးစစ်ဆင်မယ်ဆိုလို့ရှိရင်တော့ သူတို့ဘက်ကနေ ရှေ့တိုးလာမယ်ဆိုလို့ရှိရင်တော့ တိုက်ပွဲကတော့ အချိန်မရွေး၊ နေရာမရွေး ထပ်ဖြစ်လာမယ့်အနေအထားရှိတယ်”ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ  ဦးခိုင်သုခက DMG ကိုပြောဆိုထားသည်။

ယင်းအပြင် လက်ရှိတွင် မြန်မာစစ်တပ်သည် အရပ်သားပြည်သူများနှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် တပ်ဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးခြင်းများ၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် တရားရုံး၊ တရားရေးဝန်ထမ်းများကို အနှောက်အယှက်ပေးခြင်း၊ ဖမ်းဆီးရန်ကြိုးစားခြင်း၊ ပြည်သူလူထုအပေါ် စိုးရိမ်မှုများ ဆက်တိုက်ပေးနေခြင်း စသည့်တိုက်ပွဲဖြစ်လိုသော ရန်စမှုရန်လိုမှုများကို ဆက်လက်ပြုလုပ်နေလာနေကြောင်းလည်း ယမန်နေ့ AA ထုတ်ပြန်ချက်တွင်ပါရှိသည်။