မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည့် တောင်ကုတ်မြို့ခံ ကိုဇေယျကျော် ပြန်လွတ်လာ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ခံ ကိုဇေယျကျော်ကို မြန်မာစစ်တပ်က တစ်လကျော်အကြာ ထိန်းသိမ်းခဲ့ပြီး နောက် ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နေ့က ပြန်လည်လွှတ်ပေးလိုက်ကြောင်း မိသားစုနှင့် နီးစပ်သူများ ထံမှ သိရသည်။

By Admin 24 Dec 2022

မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည့် တောင်ကုတ်မြို့ခံ ကိုဇေယျကျော် ပြန်လွတ်လာ

DMG | ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ခံ ကိုဇေယျကျော်ကို မြန်မာစစ်တပ်က တစ်လကျော်အကြာ ထိန်းသိမ်းခဲ့ပြီး နောက် ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နေ့က ပြန်လည်လွှတ်ပေးလိုက်ကြောင်း မိသားစုနှင့် နီးစပ်သူများ ထံမှ သိရသည်။

“ ဒီအတိုင်း စစ်ဆေး မေးမြန်းပြီးလို့ ပြန်လွှတ်ပေးလိုက်တာ။ အာမခံနဲ့လည်း မဟုတ်ပါဘူး။ ဒီအတိုင်းပဲ လွှတ်ပေးလိုက်တာ။ တာဝန်ရှိသူ တစ်ယောက်ဆီက လာခေါ်လို့ရပြီ ဆိုပြီး ဖုန်းခေါ်လို့ မနေ့က ၆ နာရီကျော် လောက်က အိမ်ပြန်ရောက်တယ် ” ဟု မိသားစုနှင့် နီးစပ်သူ တစ်ဉီးကပြောသည်။

ကိုဇေယျကျော်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက် နေ့လည်ပိုင်းတွင် တောင်ကုတ် ဦးဥတ္တမ ပန်းခြံအနီးရှိနေစဉ် အိမ်စီးကား အဖြူဖြင့် မြန်မာစစ်တပ် တပ်ဖွဲ့ဝင် (၄) ဦးက လာရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်။

လက်ရှိတွင် ၄င်းမှာ နေအိမ်သို့ပြန်ရောက်နေပြီဖြစ်ကာ ကျန်းမာရေးလည်း ကောင်းမွန်ကြောင်း သိရသည်။

“ သူတို့က သံသယရှိလို့ ခေါ်ယူစစ်ဆေး မေးမြန်းတာပါ။ သံသယမရှိတော့တဲ့အတွက် အခု ပြန်လွှတ်ပေး လိုက်တာ ” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ကိုဇေယျကျော်သည် တောင်ကုတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌဟောင်းတစ်ဦးဖြစ်ပြီး ဒေသအတွင်း လူမှုရေး ကိစ္စများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်နေသူလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ကိုဇေယျကျော်၏ ညီဖြစ်သူ ကိုစည်သူကျော်ဇံ (ခ) ကို မိုက်ကယ်ကို မြန်မာစစ်တပ်က စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး နိုဝင်ဘာလ၂၄ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

ယင်းအပြင် ကိုဇေယျကျော်နှင့် ကိုစည်သူကျော်ဇံတို့ နှစ်ဦးကို ပြီးခဲ့သည့် NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ်၊ ဧပြီလ က ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်သည်ဟု ဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ များဖြင့် စွဲချက်တင်ခံခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် တရားသေ လွတ်မြောက်လာခဲ့သည်။