မောင်တောမြောက်ပိုင်းတွင် စစ်တပ်နှင့် ARSA တို့ တိုက်ပွဲဖြစ်ကြောင်းပြော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း သစ်တုံးနားခွဆုံကျေးရွာနှင့်၂ မိုင်အကွာရှိ "လဘော်ဝ"အရပ်တွင် မြန်မာစစ်တပ်နှင် ARSA တို့ ယနေ့(ဖေဖေါ်ဝါရီလ ၁ ရက်)နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

01 Feb 2022

DMG ၊ ဖေဖေါ်ဝါရီ ၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း သစ်တုံးနားခွဆုံကျေးရွာနှင့်၂ မိုင်အကွာရှိ "လဘော်ဝ"အရပ်တွင် မြန်မာစစ်တပ်နှင် ARSA တို့ ယနေ့(ဖေဖေါ်ဝါရီလ ၁ ရက်)နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မောင်တောမြို့နယ်မှ ရဲအရာရှိတစ်ဦးက "ဒီနေ့တပ်က နယ်မြေရှင်းလင်းရေးသွားလုပ်တာ ထိတွေ့မှုဖြစ်ကြတာ။ အာဆာကတော့ ထွက်ပြေးသွားကြတယ်"ဟု ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ မောင်တောမြို့နယ်၊ ရေနောက်ငါးသားကျေးရွာမှ ၆ မိုင်ခန့် ခုံတိုင်ကျေးရွာမှ ၂ မိုင်ခန့်ကွာဝေးကြောင်း ဒေသခံများကထံမှ သိရသည်။

ခုံတိုင်ကျေးရွာသားတစ်ဦးက "လဘော်ဝနေရာမှာ အာဆာတွေစခန်းချနေတာရှိတယ်။ ကျနော်တို့ရွာသားတွေ ဝါးသွားခုတ်တော့ သေနတ်နဲ့လှမ်းပစ်ခံရတဲ့နေရာပါ"ဟု ပြောသည်။

ပစ်ခတ်သံများကို ယနေ့နံနက် ၁၀ နာရီကျော်အချိန်မှ နေ့လည် ၁ နာရီအထိကြားခဲ့ရကြောင်း ဒေသခံများကပြောသည်။ ယင်းသို့ ပစ်ခတ်သံများကြောင်း အနီးဝန်းကျင်ရှိကျေးရွာအချို့မှ စာသင်ကျောင်းများကို ပြန်လွှတ်ခဲ့ရကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ခုံတိုင်ကျေးရွာသား ၂၀ ကျော်ခန့် တောထဲသို့ဝါးသွားခုတ်သွားစဉ် ARSA က သေနတ်ဖြင့်ပစ်ခတ်၍ ကျေးရွာသားတစ်ဦးဒဏ်ရာရရှိသွားခဲ့သည်။

ယနေ့တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။