မောင်တောမြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားဟု ဒေသခံများပြော

မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်ကျေးရွာအနီးရှိ နယ်စပ်ခြံစည်းရိုး မိုင်တိုင် ၄၅ တွင် ယနေ့ (ဖေဖော်ဝါရီလ ၄ ရက်နေ့) နံနက် ၈ နာရီခန့်က တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

04 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၄

မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်ကျေးရွာအနီးရှိ နယ်စပ်ခြံစည်းရိုး မိုင်တိုင် ၄၅ တွင် ယနေ့ (ဖေဖော်ဝါရီလ ၄ ရက်နေ့) နံနက် ၈ နာရီခန့်က တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

တိုက်ပွဲဖြစ်ပွားမှုမှာ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး မည့်သည့်လက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားသည်ကို မသိရကြောင်း ခမောင်းဆိပ်ကျေးရွာသားတစ်ဦးက DMG သို့ပြောသည်။ ခမောင်းဆိပ်ကျေးရွာသည် ယခုတိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ၄ မိုင်ခန့်ကွာဝေးသည်။

“ ကျွန်တော်တို့ ရွာအနောက်ဖက် ၄ မိုင်ခန့်အကွာမှာရှိတဲ့ မိုင်တိုင် ၄၅ အနီးမှာ ဒီနေ့က တိုက်ပွဲဖြစ်သံကြားရတယ်။ ဘယ်အဖွဲ့နဲ့ဖြစ်တာလည်းဆိုတာ မသိဘူး။ အဲဒီနားမှာတော့ အာဆာတွေလည်းရှိတယ်၊ နယ်ခြားစောင့်ရဲတွေလည်းရှိတယ်။ နောက်ပြီးတော့ AA တွေလည်းရှိတယ်။ ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ ဖြစ်တာဆိုတာတော့ မသိဘူး” ဟု ၎င်းကဆိုသည်။

ယခင်က အဆိုပါ ဝေလာတောင်ကျေးရွာအနီးတွင် ARSA လက်နက်ကိုင်အဖွဲ့နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုရှိပြီး လက်ရှိတွင် မည်သည်အဖွဲ့နှင့် ဖြစ်ပွားသည်ကို မသိရသေးကြောင်း မောင်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက DMG သို့ပြောသည်။

“ အဲဒီဝေလတောင်ကနေ နည်းနည်းသွားရင် ဘင်္ဂလားနယ်စပ်ကို ရောက်တယ်။ အဲဒီမိုင်တိုင်ကနေခွဲတာ။ အရင်က အဲဒီတောင်နားမှာ နယ်ခြားစောင့်ရဲတွေနဲ့ အာဆာတို့ တိုက်ပွဲဖြစ်တာတွေရှိတယ်။ အခုလည်း သူတို့ဖြစ်နိုင်တယ်၊ အတိကျတော့ ပြောလို့မရဘူး။ အဲဒီနေရာမှာ ARSA နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေ သွားလာလှုပ်ရှားမှုတွေရှိတယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းကလည်း မောင်တောမြို့နယ်မြောက်ပိုင်း သစ်တုံးနားခွဆုံကျေးရွာနှင့် ၂ မိုင်ခန့်အကွာ လဘော်ဝအရပ်တွင် မြန်မာစစ်တပ်နှင့် ARSA တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက DMG သို့ ပြောဆိုထားသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ ဝေလတောင်ကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်ဟု AA ဘက်က ထုတ်ပြောခဲ့သည်။ သို့ရာတွင် မြန်မာစစ်တပ်ဘက်က ငြင်းဆိုခဲ့ကာ ARSA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု တုန့်ပြန်ခဲ့သည်။

ယနေ့ တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်မေးမြန်းခဲ့ရာ လူကြီးလမ်းကြောင်းတွင် ပါနေသည်ဟုဆိုကာ ဖုန်းချသွားသဖြင့် တုန့်ပြန်မှုမရရှိခဲ့ပေ။